ပြင်းထန်နေသည့် မိုးဗြဲ တိုက်ပွဲ၌ တော်လှန်ရေးဘက်မှ ရဲဘော် လေးဦးကျဆုံး
မဲခေါင်၊ ဖေဖော်ဝါရီလ ၂၈
ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီကို ခုခံကာကွယ်နေသည့် တော်လှန်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးဘက်မှ ရဲဘော်လေးဦး ကျဆုံးခဲ့သည်။
ပြင်းထန်နေဆဲဖြစ်သည့် မိုးဗြဲမြို့တိုက်ပွဲ၌ နှစ်ဘက်အထိအခိုက်အကျဆုံးများရှိကာ စစ်ကောင်စီဘက်မှ သေဆုံးသည့် အခြေအနေကို မသိရသေးသော်လည်း တော်လှန်ရေးဘက်မှ ရဲဘော် လေးဦး ယမန်နေ့တွင် ကျဆုံးကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (ကယ်ဆယ်ရေးအဖွဲ့)က ယနေ့( ဖေဖော်ဝါရီလ ၂၈) ထုတ်ပြန်သည်။
စစ်ကောင်စီ၏ အခြေစိုက်တပ်မှလွဲ၍ တော်လှန်ရေးတပ်များထိန်းချုပ်ထားနိုင်သည့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်ရင်းမှ ပူးပေါင်းအင်းအားသည် အပြင်းအထန်တိုက်စစ်ဆင်နေသည်။
တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ခုခံကာကွယ်နေသဖြင့် စစ်ကောင်စီက ယခုထိ(ဖေဖေါ်ဝါရီ ၂၈၊ နံနက်) မြို့တွင်းသို့ဝင်ရောက်နိုင်ခြင်းမရှိသေးချေ။
“ သူတို့ မိုးဗြဲကိုလိုချင်လို့ စစ်ကြောင်းထိုးနေတာကြာပြီ၊ မြို့ကိုဦးတည်ထိုးတာပေါ့၊ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ကင်းတွေဘက်ကို ထိုးစစ်ဆင်တာ၊ ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ်ကို မကျော်နိုင်ဘူး”ဟု မြေပြင်သတင်းအရင်းအမြစ်ကပြောသည်။
စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်ပစ်ကူများပေးနေပြီး ယမန်နေ့ညတွင်လည်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ရာ အထိအခိုက်အပျက်အဆီးများ မသိရသေးကြောင်း သူကပြောသည်။
စစ်ရေးအရ အရေးပါသည့် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရေး မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တွင် တပ်အင်အားဖြည့်တင်းကာ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ၂၀၂၄ နှစ်ကုန်ပိုင်းနှင့် ဇန်နဝါရီလ တစ်လလုံးနီးပါး တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေသည်။
သုဝဏ္ဏခွန်
#MeKongNews








