စစ်ကောင်စီက ညောင်ရွှေမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ရှစ်ရက်အတွင်း ကလေးတစ်ဦးအပါအဝင် အရပ်သား ငါးဦးသေဆုံးခဲ့
မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီဦးစီးအဖွဲ့က လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်ရာတွင် ယခုလ ၅ ရက်နှင့် ယမန်နေ့ နှစ်ရက်ပေါင်း ကလေးအပါအဝင် အရပ်သားငါးဦးသေဆုံးခဲ့ကာ ရှစ်ဦးဒဏ်ရာရခဲ့သည်။
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကျေးရွာကို စစ်ကောင်စီနှင့် PNO/PNA ပြည်သူ့စစ်က ယမန်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၁၀ နှစ်အရွယ်အပါအဝင် အရပ်သား နှစ်ဦး သေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရကြောင်း အင်းလေးလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည်။
ဖယ်ခုံအနောက်ဘက်ကမ်းမှ တောင်ပို့ကွဲကျေးရွာသို့ လက်နက်ကြီး ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
“ ပြည်သူတွေရဲ့ လွတ်လပ် လုံခြုံစွာ အသက်ရှင်နေထိုင်ခွင့်ကို အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေ PNA/PNO က နေ့စဉ်နဲ့အမျှ ချိုးဖောက်လုပ်ဆောင်နေတာ ၊ သူတို့ရဲ့ လုပ်ရပ်က ယုတ်မာ ယုတ်ညံ့ လွန်းတဲ့ စစ်မိစ္ဆာတွေပါ” ဟု အင်းလေးလူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ ယမန်နေ့တွင် ညောင်ရွှေမြို့နယ်၊ ဘီလူးချောင်းအနောက်ဘက်ကမ်း လွယ်ဖွီးကျေးရွာမှ နန်းတုတ်ကျေးရွာကို စစ်ကောင်စီနှင့် PNO/PNA ပြည်သူ့စစ်က မီးလောင်ဗုံးဖြင့် ရှစ်ကြိမ်ပစ်ခတ်ခဲ့သဖြင့် နေအိမ်နှစ်လုံး မီးလောင်ပျက်ဆီးခဲ့သည်။
ယခုလ ၅ ရက်တွင် ညောင်ရွှေမြို့နယ်၊ ဘုရားတောင် လွယ်နွဲ့ရွာကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူ သုံးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရှိခဲ့သည်။
ယခုနှစ်၊ ဇန်နဝါရီလတွင်လည်း စစ်ကောင်စီနှင့် PNA ပြည်သူ့စစ်က ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ၅၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် အရပ်သားသုံး ဦးသေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံး ပျက်ဆီးခဲ့သည်။
သုဝဏ္ဏခွန်
#MeKongNews








