ညသန်းခေါင်အချိန် မိုးကုတ်မြို့ကို စစ်ကောင်စီ ဗုံး ၂၈ လုံးကြဲ၊ လေးဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရ
မဲခေါင်၊ဖေဖော်ဝါရီ ၁၀
တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA) ထိန်းချုပ်နယ်မြေဖြစ်သည့် မိုးကုတ်မြို့ကို မနေ့ည(ဖေဖော်ဝါရီ ၉) ညသန်းခေါင်ယံတွင် စစ်ကောင်စီက ဗုံး ၂၈ လုံးကြဲချခဲ့သဖြင့် တွင်းလုပ်သားလေးဦးသေဆုံးက ၂၀ကျော်ဒဏ်ရာရခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုသည် မိုးကုတ်မြို့အနောက်ပိုင်း သဲကျောက်ဆောင်ရပ်ကွက်၊ ဝင်ထရံတွင်းရပ်ကွက်၊ ကျော်စတားတွင်း သတ္ထုတူးဖေါ်ရေး လုပ်ကွက် နေရာများ၌ ကျရောက်ပေါက်ကွဲသည်။
လတ်တလောသိရသည့် ဒေသတွင်းသတင်းစကားအရ တွင်းလုပ်သား သုံးဦး နေရာ၌ပင် သေဆုံးကာ ဒဏ်ရာရသူထဲက တစ်ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ ပေါင်းလေးဦး ရှိခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
သတင်းပေးကြောင့် ယခုလို ကြဲခံရတာဖြစ်နိုင်ကြောင်း မိုးကုတ် ပကဖတာဝန်ရှိသူက မဲခေါင်ကိုပြောသည်။
၎င်းက “၂၉ မိနစ်အတွင်းမှာ ကျဲချသွားတာဆိုတော့ သူတို့(TNLA) လည်း သတိမပေးလိုက်နိုင်ဘူးထင်ပါတယ်ဗျ၊ ကျွန်တော် အမြင်ရကတော့ လက်ရှိ ကြဲချသွားတဲ့ အနေထားတွေအရကတော့ တည်နေရာ အတိကျနဲ့ ကျဲချသွားတာ ဖြစ်တဲ့အတွက် တိတိကျကျကို သတင်းပေးနေတဲ့သူရှိနေပါတယ်ဗျ” ဟု သုံးသပ်သည်။
ဗုံးကြဲတိုက်ခိုက်ခံရသောနေရာများသည် TNLA ၏ ကျောက်တူးဖေါ်ရေးလုပ်ငန်းခွင်နှင့် TNLA ကို အခွန်ပေး ကာ လုပ်ကိုင်ခွင့်ရရှိထားသူများ၏ လုပ်ကွက်များဖြစ်သည်ဟုဒေသခံများကပြောသည်။
“ မြို့ထဲမကြဲဘူး၊ ဒေသခံတွေကိုလုပ်ပိုင်ခွင့်မပေးဘူး၊ သူတို့ပဲ၊ တွင်းသမားတွေ အခွန် 30000 ပေး ကဒ်ထုတ်ပြီး လုပ်ပြန်တော့လည်း နောက်ပလောင်တစ်ဖွဲ့ထပ်လာပြီး သူတို့နဲ့မဆိုင်ဘူးဆိုပြီး ထပ်တောင်း၊ တချို့လူတွေဆင်းတဲ့နေရာကျ ကဒ်ထုတ်ထားလည်း ပစ္စည်းတွေအကုန်သိမ်းဆိုပြီး ပြန်ခိုင်းတာ၊ အဲ့နေရာတွေကိုကြဲတာ”ဟု ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
ယခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင်လည်း မိုးကုတ်မြို့မှ TNLA ၏ကျောက်တူးလုပ်ငန်းခွင်နေရာများကို စစ်ကောင်စီက ဗုံးသီး ၂၀ ကျော်ကြဲခဲ့ဖူးသည်။
ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့မှ ကျောက်တွင်းကွက်နေရာကောင်းများအား TNLAတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးချထားပြီး ဝ၊ ကိုးကန့်နှင့်တရုတ်နိုင်ငံသားများ ကျောက်တူးဖော်ရေးလုပ်ငန်းကို ဇောက်ချလုပ်ကိုင်နေသည်ဟု အမည်မဖော်လိုတဲ့ဒေသခံများကမဲခေါင်ကိုပြောသည်။
ယခုနှစ် ဇန်နဝါရီလ ပထမသီတင်းပတ်မှစတင်ကာ မိုးကုတ်မြို့မှ စတားလင့်ခ်အင်တာနက်များကို လေကြောင်းရန်ကြောင့်ဟုဆိုကာ အသုံးပြုခွင့်ပိတ်ပင်ထားသော်လည်း ယခုကဲ့သို့ဗုံးကြဲတိုက်ခိုက်ခံရသည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ အင်တာနက်ပြန်ဖွင့်ပေးစေချင်တာပါ အဝေးကသားသမီးတွေ ငွေလွဲဖို့ကအစ. နာရေးသတင်းအဆုံး အခက်ခဲတွေဖြစ်ကြရပါတယ်၊ အခု အုပ်ချုပ်ရေးမှူးရုံးတွေမှာ အုပ်ကြီးတွေကို လုပ်စားခွင့်ပေးနေပြီး ပြည်သူတွေကိုကျ လိုက်ဖမ်း၊ အရင်ဂေါက်ကွင်းကိုကြဲတဲ့အချိန်လည်း စတားလင့်ပိတ်ထားတာပဲ” ဟုမဲခေါင်ကိုပြောသည်။
ဖြစ်စဉ်အပါအဝင် သတင်းစကားများနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရေး TNLA ပြောခွင့်ရပုဂ္ဂိုလ် မလွေးယေဦးအား မဲခေါင်က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
မိုးကုတ်မြို့ကိုလေကြောင်းတိုက်ခိုက်နေခြင်းသည် အင်တာနက်ဖွင့်ခြင်းပိတ်ခြင်းများဖြင့်သက်ဆိုင်ခြင်းမရှိပဲ စစ်သတင်းပေးများကြောင့်သာဖြစ်ကြောင်း မိုးကုတ် ပကဖ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။
“လက်ရှိမှာလည်း စတားလင့်ခ်တွေက အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ အချို့နေရာတွေ မိုးကုတ်မြို့အရှေ့ပိုင်းရဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးအချို့မှာ ဖွင့်လှစ်ထားပေးထားတာတွေ ရှိနေပါတယ်” ဟုမဲခေါင်ကိုပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုအပြီး ဒဏ်ရာရရှိသူများအား မိုးကုတ်ယာယီဆေးရုံကိုပို့ဆောင်ထားပြီး TNLA ၊မိုးကုတ်မြို့နယ် ပကဖ ၊ မိုးကုတ်ဗျူဟာ နှင့် အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် လူမှု၊ နာမှုကူညီရေးအသင်းက ကူညီပေးခဲ့ကြသည်။
ဂနိုက်
#MrKongNwes
ပုံစာ။ ။ ပေါက်ကွဲခဲ့သည့်ဗုံးများကြောင့် အဆောက်အအုံမီးလောင်မှုမြင်ကွင်း။









