ကိုးကန့်တပ်တွေ လားရှိုးမှဆုတ်ခွါရေး သေချာတဲ့သတင်းစကားမရှိသေး
ဆုတ်ခွါခဲ့ရင်လည်း နွေဦးတော်လှန်ရေးကို သိသာတဲ့သက်ရောက်မှုမရှိနိုင်
မဲခေါင်၊ ဇန်နဝါရီ ၃၀
လားရှိုးကနေ ကိုးကန့်အဖွဲ့ ဆုတ်ပေးရမယ်ဆိုတာ ဖြစ်နိုင်ချေနည်းပါးလွန်းတဲ့သတင်းဖြစ်ပြီး မလွှဲသာ မရှောင်သာလို့ ဆုတ်ပေးခဲ့ရင်တောင် တော်လှန်ရေးကို ထိခိုက်နိုင်စရာမရှိဘူးလို့ မဲခေါင်ရဲ့သတင်းအရင်းအမြစ်တွေဖြစ်တဲ့ ကိုးကန့်တပ်နဲ့ နီးစပ်သူတွေအပါအဝင် နိုင်ငံရေးနဲ့ စစ်ရေးအစုအဖွဲတွေက ခန့်မှန်းသုံးသပ်ကြပါတယ်။
“ MNDAA ဒေသတည်ဆောက်ရေး ညွှန်ကြားရေးမှူးပြောတာကတော့ လားရှိုးက အေးအေးဆေးဆေးပါပဲ၊ အပြောင်းအလဲမရှိဘူးတဲ့” လို့ စစ်ရေးလေ့လာသူဦးသန်းစိုးနိုင်က မဲခေါင်ကိုပြောပါတယ်။
တော်လှန်ရေးအဖွဲ့ပေါင်းစုံ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကနေ ကိုးကန့်တပ်ဆုတ်ခွါမယ်ဆိုတာ စစ်ကောင်စီကိုပေးအပ်တာမျိုးမဟုတ်ပဲ တော်လှန်ရေးအဖွဲ့တစ်ခုခုကို လွှဲပြောင်းပေးတာမျိုးလည်းဖြစ်နိုင်ပြီး စစ်ကောင်စီအနေနဲ့ လားရှိုးကို အလုံးစုံပြန်လည်ရရှိမယ်ဆိုတာ ဖြစ်နိုင်ချေနည်းပါလွန်းတယ်လို့ ကရင်နီပြည်၊ ကြားကာလစီမံအုပ်ချုပ်ရေးကာင်စီ အတွင်းရေးမှူး(၂) ဦးဗညားကသုံးသပ်ပါတယ်။
“တခြားတပ်ဖွဲ့ဝင်တွေလည်း အဲ့နေရာမှာ ဝင်မယူဘူးလို့ ပြောလို့မရဘူးလေနော်၊ အခြားတဖက်မှာလည်း နိုင်ငံရေး စစ်ရေးအမြင်က အဲ့လောက်ရိုးရှင်းလိမ့်မယ်မထင်ဘူး၊ စစ်ရေးကိုအခြေခံပြီးကစားတဲ့ နိုင်ငံရေးပြကွက်တစ်ခုလို့ပဲ သုံးသပ်ပါတယ်”လို့ဦးဗညားကပြောပါတယ်။
ကိုးကန့်တပ်အနေနဲ့ တရုတ်ဖိအားကို မလွန်ဆန်နိုင်လို့ ဆုတ်ခွာပေးခဲ့ရင်တောင် ကိုယ့်ဒေသလွတ်မြောက်ရေးသာမကပဲ တစ်နိုင်ငံလုံး အာဏာရှင်စနစ်အမြစ်ပြတ်စေရေးကို ရည်မှန်းထားတာဖြစ်လို့ တော်လှန်ရေးကို တနည်းနည်းနဲ့ဆက်သွားနေမယ်ဆိုတာ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး၊ ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က မဲခေါင်ကိုပြောပါတယ်။
ကိုးကန့်တပ်တွေ လားရှိုးကနေဆုတ်ခွါးပေးရမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ကိုးကန့်တပ်နဲ့ စစ်ကောင်စီဘက်က ပြည်သူကို သေချာ ရေရာတဲ့ သတင်းစကား ထုတ်ပြန်ပြောဆိုတာမရှိသေးပဲ ကြားခံသတင်းအရင်းအမြစ်တွေရဲ့တဆင့်ခံစကားကိုသာ သတင်းဌာနတချို့က ကိုးကားဖေါ်ပြနေတာဖြစ်ပါတယ်။
“ နှစ်သစ်ကူးပြီးရင် ပြန်ဆုတ်ပေးရမယ်” ဆိုတဲ့စကားတစ်ခွန်းကို ကိုးကားပြီး BBC ကဇန်နဝါရီ ၂၉ ရက်မှာဖေါ်ပြပါတယ်။
ဇန်နဝါရီ ၂၉ ရက်က လားရှိုးမြို့ကိုရောက်ရှိလာတဲ့ ယူနန်က တရုတ်ကိုယ်စားလှယ်အဖွဲ့ပြောသွားတဲ့ အကြောင်းကို ဘီဘီစီ သတင်းအရင်းအမြစ်ကပြောတယ်လို့ ဖေါ်ပြထားတာပါ။
“ အစကတည်းက မတိုက်ပါနဲ့လို့ တားတာကို နားမထောင်ခဲ့ဘူး” လို့ ကိုးကန့်တပ်ကို တရုတ်ကိုယ်စားလှယ်တွေက ပြောသွားတယ်လို့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောကြောင်းလည်းဖေါ်ပြထားပါတယ်။
Myanmar Now ကတော့ ကိုးကန့်တပ်တော့ လားရှိုးကနေ အသုတ်လိုက် ဇွန်လမတိုင်မီ လားရှိုးကနေဆုတ်ခွါပေးရမယ်လို့ အမည်မဖေါ်လိုတဲ့ ယူနန်အခြေစိုက် တရုတ်သုတေသီတစ်ဦးက ပြောကြောင်း ဒီနေ့(ဇန်နဝါရီ ၂၉) မနက်ပိုင်းမှာဖေါ်ပြပါတယ်။
“ ပြန်ဆုတ်ခိုင်းတာ ဟုတ်တယ်လို့ပြောပါတယ်၊ အသေးစိတ်တော့ မပြောပါဘူးဗျ” လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြောင်းလည်း Myanmar News ကဖေါ်ပြပါတယ်။
လားရှိုးမြို့ကနေ ကိုးကန့် ဆုတ်ခွါပြီး လောက်ကိုင်မြို့၊ လားရှိုးဧရိယာ၊ ကိုးကန့်ခရိုင်၊ သိန္နီခရိုင်၊ ကွတ်ခိုင်ခရိုင်၊ မုန်ကိုးခရိုင်တို့မှာ အုပ်ချုပ်ရေးကော်မတီဖွဲ့ကာ အထူးဒေသ ၁ အဖြစ် လေးခရိုင် တစ်မြို့နယ်အုပ်ချုပ်ခွင့်ရမယ်လို့ကိုးကန့်အခြေစိုက် The Kokang သတင်းဌာနကလည်းဖော်ပြထားပါတယ်။
စစ်ကောင်စီကို လက်မခံနိုင်တဲ့ ဒေသခံတွေက ဆုတ်ခွါပေးရမယ်ဆိုတဲ့သတင်းကြောင့် စိုးရိမ်နေကြပါတယ်။
“ ပြန်ပေးမယ်ဆိုရင်အစကတည်းကမတိုက်နဲ့ပေါ့၊ ပြည်သူတွေပဲနာတာလေ၊ ကျွန်မတို့ဆို အိမ်တွေလက်နက်ကြီးထိ ၊ သူများတွေကလည်းအကုန်ခိုးတာလေ” လို့ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ကိုးကန့်တပ် အနေနဲ့ လားရှိုးကနေပြန်လည်ဆုတ်ခွါပေးမယ်ဆိုရင် စစ်တပ်ကပြန်လည်ဝင်ရောက်လာတဲ့အခါ သီပေါ၊ ကျောက်မဲ၊ နောင်ချိုကို ပြင်ဦးလွင်အခြေစိုက်တပ်နဲ့ လားရှိုးအခြေစိုက်တပ်က ကြားညှပ်တိုက်ခိုက်ရင် TNLA ဘက်က စစ်ရေးအရ ခက်ခဲသွားနိုင်တယ်လို့ အမည်မဖေါ်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတစ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။
“ လားရှိုးကိုပဲပြန်ပေးမယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးပေါ့လေ၊ တကယ်လို့ ပြန်ဆုတ်ပေးလိုက်မယ် ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းပြန်ပစ်ရမယ့် အနေအထားဖြစ်နေပြီ” လို့သူကပြောပါတယ်။
လက်ရှိလားရှိုးမြို့မှာ ပြန်လည်ထူထောင်ရေးပါဝင်လုပ်ဆောင်နေကြတဲ့ CDM ဝန်ထမ်းတွေ၊ မြို့လုံခြုံရေးတာဝန်ထမ်း ဆောင်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရှိနေတာကြောင့် MNDAA အနေနဲ့ လားရှိုးမြို့ကိုစစ်ကောင်စီလက်အတွင်း ပြန် လည်ပေးအပ်လိုက်ပါက ဒီလူတွေအကုန်ဒုက္ခရောက်သွားနိုင်တယ်လို့ လားရှိုးမြို့ လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေ ဆုတ်ခွါရရင် တော်လှန်ရေးအပေါ် သိသာတဲ့ သက်ရောက်မှုမျိုး ရှိနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်ရေးနဲ့ နိုင်ငံရေးအစုအဖွဲ့တွေက ပြောပါတယ်။
“ဘာကြောင့်လဲ ဆိုရင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ အကုန်လုံးက အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်ကနေ ပျောက်ကွယ်သွားအောင်ကြိုးစားနေကြတာမို့ပါ” လို့ဆိုပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းအတိုင်း ကိုးကန့်တပ်ဆုတ်ပေးရမယ်ဆိုရင် ပိုမိုအားကောင်းတဲ့တော်လှန်ရေးဖြစ်လာနိုင်ပြီး တော်လှန်ရေးတပ်ဘက်က ကိုယ်စီ ကိုယ်စီ ပြင်ဆင်မှုတွေရှိတာကို မြင်နေ သိနေရတယ်လို့ ဦးဗညားကပြောပါတယ်။
စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ နွေဦးတော်လှန်ရေးက ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားနေကြတာပဲ၊ ဘာဆက်ဖြစ်လာမလဲဆိုရင် စစ်ခေါင်းဆောင်မပြုတ်မချင်းတော့ နွေဦးတော်လှန်ရေးအုပ်စုကြီးကတော့ တိုက်ပွဲဝင်နေဦးမှာပဲဆိုတာတော့ယုံကြည်ပါတယ်ဗျ” လို့ပြောပါတယ်။
စစ်ရေးအရတော့ အပစ်ခတ်ရပ်စဲထားရင် စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို အင်အားပိုမိုဖြည့်တင်းနိုင်တာမျိုးပြုလုပ်နိုင်ကြောင်း၊ ရန်သူဟာ သူ့အလုပ် သူလုပ်နေတာဖြစ်လို့ တော်လှန်ရေးတပ်တွေအနေနဲ့လည်း ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့သာဖြစ်ပြီး လူအင်အား၊ လိုအပ်တဲ့ရိက္ခာနဲ့ လက်နက် ခဲယမ်းတွေကြိုတင်ဖြည့်ဆည်းထားဖို့လိုအပ်တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူနဲ့အမှတ် 1008 SSRY တို့ကပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ လားရှိုးမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ PDF တွေ ပူးပေါင်းကာ ၂၀၂၄ သြဂုတ်လထဲမှာ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပြန်လည်ထူထောင်ရေးကို MNDAA နဲ့ လားရှိူးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်နေကြပါတယ်။
မဲခေါင်သတင်းအဖွဲ့(MK-016.017.CJ-004.017)
#MeKongNews








