ဘောလခဲမှာ ကြားဖြတ်တိုက်ခံရတဲ့ စစ်ကောင်စီ ၁၀ ဦးသေဆုံး
မဲခေါင်၊ ဇန်နဝါရီ ၁၃
ကရင်နီပြည်၊ ဘောလခဲမြို့၊ ရွာသစ်အနီးက စစ်ကောင်စီအထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကြောင်းကို ကရင်နီတော်လှန်ရေးအင်အားစုက ဇန်နဝါရီလ ၁၂ ရက်၊ မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ၁၀ ဦး သေဆုံးတယ်လို့ ကရင်နီတပ်မတော် KA ရဲ့ဗိုလ်မှူးကြီး ဘုန်းနိုင်က အတည်ပြုပါတယ်။
ပဒေသာမိုင်းနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီထံက သေနတ် လေးလက်ကို ကရင်နီ တော်လှန်ရေးအင်အားစုက ရရှိခဲ့ပါတယ်။
” ပျောက်ကြားလေးပဲလုပ်တာပေါ့နော့၊ အကြီးအကျယ်မျိုးမဟုတ်ဘူး၊ တခြားအချက်တွေက ကျွန်တော်တို့ လျို့ဝှက်ထားရမှာတွေလည်းရှိလို့လေ နော့ “လို့ KA က ဗိုလ်မှူးကြီး ဘုန်းနိုင်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တော်လှန်ရေးအင်အားစုက မိုင်းဆွဲပြီးနောက် အောင်အောင်မြင်မြင်နဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပြီး မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်ကတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။
အသေးစိတ်အချက်အလက်ကို ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BPDF ဆီ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စစ်ရေးအရ ဖြေကြားခွင့်မရှိသေးဘူးလို့ ဆိုပါတယ်။
ကရင်နီပြည်ထဲမှာ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေအဖြစ် လွိုင်ကော်မြို့နယ်ထဲမှာ ခမရ(၅၄)၊ ခမရ(၅၃၀)တပ်ရင်းတွေ ရှိနေသေးသလို ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တွေမှာ နယ်မြေစိုးမိုးရေးအထိုင်စခန်းတွေ အနည်းငယ်ကျန်ရှိတာကလွဲရင် ရွာသစ်၊ မယ်စဲ့၊ မော်ချီး၊ ရှားတောမှာ မရှိတော့ဘူးလို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
CJ-004
#MeKongNews








