စစ်ကောင်စီကဲ့သို့ ကလေးစစ်သားအသုံးပြုနေတဲ့ PNO ရဲ့ ရွှေတဂူစခန်းကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်
စစ်သုံ့ပန်းခြောက်ဦးနဲ့ လက်နက် ၃၀ တော်လှန်ရေးဘက်က ရရှိ
မဲခေါင်၊ ဇန်နဝါရီ ၁၀
စစ်ကောင်စီရဲ့ ဩဇာခံ PNO ပြည်သူ့စစ်ဟာ အင်အားရရှိရေးတစ်ခုတည်းကိုသာ ရှေ့ရှုပြီး စစ်ကောင်စီကဲ့သို့ ကလေးစစ်သားအသုံးပြုနေတာကို ပင်လောင်းနဲ့ ဟိုပုံးဒေသခံတချို့ကလည်း အတည်ပြုကြသလို ရွှေတဂူစခန်းသိမ်းတိုက်ပွဲမှာ KNDF ဖမ်းမိတဲ့သုံ့ပန်းထဲလည်း ပါဝင်လာပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာနားမှာရှိတဲ့ PNO နဲ့ စစ်ကောင်စီရဲ့ စခန်းတစ်ခုကို ကရင်နီတော်လှန်ရေးအင်အားစုက ဇန်နဝါရီလ ၉ ရက်၊ မနက် ၅ နာရီကျော်မှာ တိုက်ခိုက်သိမ်းပိုက်ရာ အသက်၁၈နှစ်အောက် ကလေးစစ်သားနှစ်ဦးအပါအဝင် စစ်သုံ့ပန်း ခြောက်ဦးဖမ်းမိကာ လက်နက်မျိုးစုံ အလက် ၃၀ သိမ်းဆည်းရရှိခဲ့တာပါ။
ကလေးစစ်သားအဖြစ် အသက် ၁၄ နှစ်တစ်ဦးနဲ့ ၁၃ နှစ်တစ်ဦးလို့အကြမ်းဖျဉ်းသိထာတယ်လို့ KNDF တပ်ရင်းတစ်ရင်းရဲ့ တာဝန်ရှိသူကပြောပါတယ်။
စစ်ကောင်စီနဲ့ PNO ဘက်ကတိုက်ပွဲမှာ သေဆုံးတဲ့ အရေအတွက်ကိုတော့ စစ်ရေးအခြေအနေအရ KNDF ကအတည်ပြုလို့မရသေးပါဘူး။
“စစ်ကောင်စီဖက်က လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ် ၊ အတင်းအဓ္ဓမ စစ်မှုထမ်းဖို့ လုပ်ဆောင်နေတဲ့အပေါ် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ကနေ ရှုံ့ချဖို့လိုပါတယ်၊ ကျွန်တော်တို့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားပါတယ်” လို့ KNDF တပ်ရင်းတစ်ရင်းရဲ့ တာဝန်ရှိသူကပြောပါတယ်။
ပင်လောင်းမြို့နဲ့ ဟိုပုံးမြို့ဒေသခံတချို့ရဲ့ သတင်းစကားအရ PNO ပြည်သူ့စစ်ဟာ စစ်ကောင်စီလိုပဲ ကလေးစစ်သားအသုံးပြုနေတာကို ဒေသခံတွေ မြင်တွေ့နေရပေမယ့် အရေအတွက် အတိအကျ ဘယ်လောက်ထိ ရှိနေတယ်ဆိုတာမျိုးကိုတော့ အတည်ပြုလို့မရပါဘူး။ သတင်းအရင်းအမြစ်တစ်ဦးကတော့ သုံးပုံတစ်ပုံခန့်ရှိနိုင်တယ်လို့ခန့်မှန်းပါတယ်။
“ ဒီနောက်ပိုင်းကပိုဆိုးလာတယ်လေနော်၊ မရှိ ရှိတဲ့လူသွားဆိုတာမျိုးပါဖြစ်လာတော့ နည်းတာတော့မနည်းနိုင်ဘူး၊ သေချာတာတော့ဒီနောက်ပိုင်းပိုများလာတယ်” ဒေသခံတစ်ဦးကပြောပါတယ်။
PNO ဟာ စစ်ကောင်စီကဲ့သို့ တပ်သားသစ်အဖြစ် အသက် ၁၈ နှစ်အောက်နဲ့ လူငယ်ပိုင်းတွေကို စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးတာရှိသလို ရပ်ကျေးတွေမှာခွဲတမ်းချပြီး ဖိအားပေးတောင်းယူတာတွေလည်းရှိနေပါတယ်။ တပ်သားသစ်တွေကို ၅ ရက်သင်တန်းပေးပြီး ကလေးစစ်သား တချို့ကို ရပ်ရွာလုံခြုံရေးအဖြစ်ထားရှိတဲ့အပြင် တချို့ကိုရှေ့တန်းပို့တာ၊ အထိုင်စခန်းတွေမှာထားရှိတာတွေ လုပ်ဆောင်နေတာပါ။
ခေတ်အဆက်ဆက်မှာ ကလေးစစ်သားအသုံးပြုတယ်လို့ နိုင်ငံတကာမှာကျော်ကြားနေတဲ့ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အသက် ၁၈ နှစ်အောက် ကလေးစစ်သား ၁၁၀၂ ဦးကို စစ်မှုထမ်းခိုင်းခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ကလေးစစ်သားအဖြစ် စုဆောင်းအသုံးပြုတာ၊ သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ ပြန်ပေးဆွဲတာ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာ အစရှိတဲ့ငါးမျိုးလုံးကို ကျူးလွန်ခဲ့တာတွေ့ရတယ်လို့ စစ်ရေးပဋိပက္ခတွေအတွင်းမှာ ကလေးသူငယ်တွေ ထိခိုက်မှု အခြေအနေကို လေ့လာစောင့်ကြည့်တဲWatchlist က၂၀၂၄ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတကာဥပဒေအရ ကလေးစစ်သားကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ တပ်သားသစ်စုဆောင်းကာ စစ်တပ်အတွင်း တာဝန်ထမ်းစေတာ၊ အသက် ၁၈ နှစ်အောက်ဖြစ်နေတာ၊ လက်နက်ကိုင်တပ်ဖွဲ့အတွင်း ဒါမှမဟုတ် စစ်ပွဲအတွင်းပါဝင်စေတာ အစရှိတဲ့ သုံးမျိုးဟာ ကလေးစစ်သားအဖြစ်သတ်မှတ်လို့ရတဲ့အချက်တွေဖြစ်ပါတယ်။
CJ-004/MK-017
#MeKongNews









