လွိုင်ကော်စစ်ရှောင်တွေ ပြန်နေဖို့ ဖိအားပေးတဲ့ စစ်ကောင်စီက အမျိုးသားတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေ
မဲခေါင်၊ ဒီဇင်ဘာ ၁၈
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေး ယန္တရား ပြန်လည် လည်ပတ်နေတယ်လို့ ထင်မြင်စေဖို့အတွက် မြို့ထဲကို စစ်ဘေးရှောင်နေသူ ပြန်လည်နေထိုင်ဖို့ ဖိအားပေးနေသလို တဘက်မှာလည်း စစ်မှုထမ်းအတွက် ဖမ်းဆီးတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ကိုစွန့်ခွါပြီး စစ်ရှောင်နေကြတဲ့ လွိုင်ကော်မြို့ခံတွေကို ပြန်လည်နေထိုင်ကြဖို့ စစ်ကောင်စီက ဖိအားပေးတာကြောင့် မြို့ခံတချို့ပြန်လည်နေထိုင်ရာမှာ အမျိုးသားတွေကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲဖမ်းဆီးတာမျိုးတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
“ဆွဲနေတာ ရက်တိုင်းဆွဲတယ်၊ တရက်ကို ဘယ်နှယောက်ပါမှန်းကိုမသိဘူး၊ တချို့တွေပြန်ကြပြီ မရှိတော့ဘူး၊ လွိုင်ကော်မှာ အမျိုးသမီးအများစုပဲရှိတော့တယ်၊ တခြားက သူခိုးတွေနဲ့ ဘိန်းစားအများစုပဲ ကျန်တော့မယ်” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ညောင်ရွှေမြို့မှာ စစ်ရှောင်နေတဲ့ပြည်သူတွေကို နေရပ်ပြန်ဖို့ ဖိအားပေးတာတွေရှိနေပြီး အိမ်ငှားတွေကိုလည်း ဆက်မငှားဖို့ ပြောဆိုတာတွေရှိတယ်လို့ စစ်ရှောင်နေတဲ့သူတွေဆီက သိရပါတယ်။
လူထုတော်လှန်ရေး ကရင်နီပူးပေါင်းတပ်တွေဟာ လွိုင်ကော်မြို့ကို ထိန်းချုပ်သိမ်းပိုက်နိုင်ဖို့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ ၁၁၁၁ စစ်ဆင်ရေးစတင်ခဲ့ပြီး လွိုင်ကော်တက္ကသိုလ်နဲ့ နောင်ယားအပါအဝင် ရပ်ကွက်တချို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒိနောက်မှာ စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်တာကြောင့် လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် တစ်နှစ်ကျော်တဲ့အထိ မြို့ခံစစ်ရှောင်တွေ ရာခိုင်နှုန်းပြည့် ပြန်လည်အခြေချနေထိုင်တာမျိုး မရှိသေးတာကြောင့် နေရပ်ပြန်ကြဖို့ စစ်ကောင်စီက ဖိအားပေးနေတာပါ။
CJ-004
#MekongNews








