ရပ်စောက်အနီး ဖြစ်ပွါးနေတဲ့ တိုက်ပွဲမှာ စစ်ကောင်စီက ဓာတုဗုံး အသုံးပြုတိုက်ခိုက်
မဲခေါင်၊ ဒီဇင်ဘာ ၉
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ထဲက ကျောက်ဂူဒေသအတွင်း ဖြစ်ပွါးနေတဲ့တိုက်ပွဲမှာ စစ်ကောင်စီက ဓာတုဗုံးတွေ အသုံးပြုတိုက်ခိုက်နေတယ်လို့ ဓနုလွတ်မြောက်ရေးတပ်တော် DPLF/DPLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၃ဝ ရက်ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေကာ ဒီဇင်ဘာလ ၇ ရက် ညနေ ၄ နာရီခန့်မှာတော့ စစ်ကောင်စီရဲ့ ဓာတုဗုံးနဲ့ အသုံးပြုတိုက်ခိုက်တာကြောင့် DPLA ရဲ့ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တချို့ ဓာတုအဆိပ်သင့်ကာ အော့အန်တာတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“မူးဝေအော့အန်တာမျိုးတွေ ကြုံရပါတယ်ဗျ၊ အရင်ဗုံးတွေက ဗုံးဆံတွေ လွင့်စင်တာဖြစ်ပြီး အခုကကျ အငွေ့ထွက်တဲ့ဓာတုဗုံးမျိုးဖြစ်ပါတယ်၊ အရေအတွက်ကတော့မသိရသေးပါဘူးဗျ ” လို့ DPLA ရဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်က ကျောက်ဂူဒေသတဝိုက်မှာ မြေပြင်ကနေစစ်ကြောင်းထိုးနေပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေအပြင် အဆိပ်ငွေ့တွေပါတဲ့ ဓာတုဗုံးတွေကိုလည်း အသုံးပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ DPLA တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေကာ စစ်ကောင်စီတပ်ဖက်က သေဆုံးတာတွေရှိပေမယ့် အရေအတွက်အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ကျောက်ဂူဒေသက စစ်ကောင်စီတပ်ရဲ့ ကျောက်ဂူအမြောက်တပ် အမတ (၃၄၉)၊ နောင်ဝိုးတပ် ခလရ (၂၉၂) နဲ့ နောင်ချိုမြို့နယ်တောင်ခမ်းကို ရပ်စောက်ကနေတဆင့် စစ်ကူသွားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ DPLA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။
CJ-004
#MekongNews








