ညောင်ရွှေဘက်မှာ စစ်မှုထမ်းဖို့ တတိယအကြိမ်ခေါ်ယူ
လူစားထိုး ဈေးကွက် ကျပ်သိန်း ၅၀ အထိဈေးပေါက်
မဲခေါင်၊ နိုဝင်ဘာ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး ဒေသမှာရှိတဲ့ တိုက်နယ်တွေနဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့အတွက် နိုဝင်ဘာ ဒုတိယအပတ်ထဲမှာ စုဆောင်းနေပြီး စစ်မှုမထမ်းချင်သူတွေ လူစားထိုးလိုပါက ကျပ်သိန်း ၅၀အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
သပြေပင်တိုက်နယ်၊ သလဲဦးတိုက်နယ်နဲ့ ငါးဖယ်ချောင်းတိုက်နယ်က ဟဲယာရွာမ၊ တုန်းလည်တောင်ပို့ကြီး၊ သလဲဦးအင်းရွာ၊ မန်ကျည်းစင်ရွာ၊ ဝါးတောရွာ တွေနဲ့တခြားကျေးရွာက လူငယ်တွေကို တရွာကို ရှစ်ဦးနှုန်းနဲ့ နာမည်စာရင်းကျလာတာတွေ ရှိတယ်လို့ပြောပါတယ်။
“မန်ကျည်းစင်ရွာက ကောင်လေးက ထိုင်းဘက်ကိုရှောင်သွားတာကို သူ့သားမရှိရင် အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေက အစားဝင်ပေးရမယ်ပြောတယ်”လို့ဒေသခံအမျိုးသမီးတယောက်ကပြောပါတယ်။
ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေမှာ တစ်ရွာကို နှစ်ယောက်နှုန်းခေါ်သွားတာတွေရှိနေပြီး ခေါ်ယူခံရသူတွေရဲ့ သတင်းအစအန မကြားရတော့ဘဲ ခုတကြိမ်ကတော့ ခေါ်ယူတဲ့လူဦးရေပိုများလာတယ်လို့ သိရပါတယ်။
စစ်မှုထမ်းမပါတဲ့ ဟဲယာရွာမက အိမ်တွေကို တအိမ်ကို ၇၀၀၀ ကျပ် ၊ သလဲဦးရွာမှာတအိမ်ကို ၂၅၀၀၀ ကျပ်ကောက်ခံနေကာ စစ်မှုထမ်းစာရင်းပါပြီး စစ်မှုမထမ်းချင်သူတွေကို တယောက်ကို ကျပ်ငါးသိန်းကနေ ကျပ်သိန်း ၅၀ အထိလူစားထိုးဖို့ တောင်းခံတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“လူစားခေါ်တာဆိုရင် လူခေါ်တဲ့ပေါ်မူတည်ပြီး ဒီရွာက ဒီလူကို လူစားထိုးဖို့ သိန်း ၅၀ နဲ့လက်ခံတယ်ဆိုရင် အဲ့ဒီနှုန်းပေါ်မှာမူတည်ပြီး ကွာသွားတာလဲရှိတယ်၊ တတိယအကြိမ်မှာတော့ ဘယ်နှစ်ယောက် တကယ် ခေါ်မယ်၊ ဘယ်ရက်ခေါ်သွားမယ်ဆိုတာတော့ အတိအကျမသိရသေးဘူး “လို့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲက တာဝန်ခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေကို ကြေညာပြီးတဲ့ ဧပြီလကစပြီး မြန်မာနိုင်ငံအနှံ့က လူငယ်လူရွယ် အယောက် ၂၀၀၀၀ ကျော်အထိ စစ်မှုထမ်းဖို့ခေါ်ယူကာ စစ်သင်တန်းပေးပြီး ရှေ့တန်းလွှတ်တာတွေပြုလုပ်နေတာ အပတ်စဉ်(၇)အထိ ရှိနေပြီလို့ စောင့်ကြည့်လေ့လာနေသူတွေရဲ့ စာရင်းအရ သိရပါတယ်။
CJ-004








