မိုးဗြဲ ခလရ – ၄၄၂ တပ်ကို စစ်ကူပို့ဖို့ စစ်ကောင်စီက လေကြောင်းနဲ့ ထိုးစစ်ဆင်နေ
မဲခေါင်၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ ခလရ – ၄၄၂ တပ်ကို စစ်ကူ ၂၀၀ ပို့ဆောင်ဖို့ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာထောက်ပို့တဲ့ ယာဉ်တန်းဟာ မနေ့ (နိုင်ဝင်ဘာ ၁၉) ညနေ ၆ နာရီဝန်းကျင်ခန့်မှာ မိုးဗြဲမြို့ကို ရောက်ရှိလာပြီး ခလရ – ၄၄၂ တပ်ကို ဝင်ရောက်နိုင်ဖို့အတွက် လက်နက်ကြီး၊ လေကြောင်း အကူအညီတွေနဲ့ ဆက်လက်ထိုးစစ်ဆင်နေတာပါ။
“ဗုံးကြဲပြီဆိုရင် ကျနော်တို့က ဆုတ်ပေးရပြီ၊ အဲဒီမှာ သူတို့က မိုးဗြဲအထိ ရောက်သွားတာ၊ ၄၄၂ ထဲမရောက်ဖို့ မဟာမိတ်တွေ ရသလောက်တောင့်ခံထားတယ်၊ သူတို့ကတော့ ၄၄၂ ဝင်ပြီးရင် လွိုင်ကော်ဆက်ဖို့ ရှိတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။
မနေ့ညဖြစ်ပွားခဲ့တဲ့ မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၁၃ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီကနေ သတင်းရရှိပေမယ့် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက ဓါတ်ပုံနဲ့တကွ တိတိကျကျထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
အောက်တိုဘာလအတွင်း ပင်လောင်း – ဖယ်ခုံ လမ်းတစ်ကြောမှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား တစ်လကျော် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီရဲ့ သာလွန်အင်အား၊ လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့အတူ မိုးဗြဲမြို့အထိ ထိုးဖောက်ဝင်ရောက်လာနိုင်တာပါ။
စစ်ကောင်စီတပ်က လွိုင်ကော်အထိ စစ်ကြောင်းထိုးနိုင်ခြေရှိတာကြောင့် မိုးဗြဲ – လွိုင်ကော်ကြားက ဝါရီကောခူ၊ ကုန်းသာ၊ လင်ဖုန်လေး၊ နွားလဝိုး၊ စက်မှုဇုန် စတဲ့ဒေသတွေကို တိမ်းရှောင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက မေတ္တာရပ်ခံထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် မိုးဗြဲမြို့က အိမ်ထောင်စု ၈၀၀ ကျော်ဟာ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ ဆေး အကူအညီတွေ လိုအပ်နေကြတယ်လို့ မနေ့က စစ်ဘေးရှောင်ကူညီသူတွေရဲ့ ဖြေကြားချက်အရ သိရပါတယ်။
လတ်တလော ဖယ်ခုံနဲ့ မိုးဗြဲမြို့မှာ တိုက်ပွဲ ပြင်းထန်နေပေမယ့် စစ်ကောင်စီဖက်က လူသားဒိုင်းအဖြစ် အသုံးချဖို့ ဖယ်ခုံဒေသခံတွေကို ဖိအားပေးပြီး နေရပ်ပြန်ခိုင်းတာမျိုး ရှိတယ်လို့ တိမ်းရှောင်နေရသူ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ပြန်ကြဖို့ လိုင်းပေါ်မှာ ခဏခဏတက်ရေးနေတာ၊ အရင်ကလည်း ပြန်ကြဆိုပြီး ရွာရောက်တော့ ဖမ်းခေါ်တယ်လေ၊ ရွှေပြည်အေးရွာမှာ ဖမ်းခံရကတည်းက မပြန်ရဲသေးဘူး”
နိုဝင်ဘာလ ၁၅ ရက်နေ့ညက မိုးဗြဲမြို့၊ လွယ်ရင်းမင်္ဂလာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ လူနေအိမ် သုံးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
MK-14
#MeKongNews








