ရွာငံအဝင် ရဲကင်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်တိုက်တဲ့ဖြစ်စဉ် ရဲလေးဦးသေ
မဲခေါင်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ ရွာငံ အဝင် ရဲကင်းကိုဓနုဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့က မနေ့က(နိုဝင်ဘာ၁၄)နေ့လည် ၁၂နာရီခန့်ကအလစ်အငိုက် ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်မှာ ရဲလေးဦးသေဆုံးတယ်လို့ သိရပါတယ်။
“အနီးကပ်ချတာ၊ တစ်ယောက်ဆို ကပ်ပြီးအတွဲလိုက် ဆွဲခံရတာ၊ အားလုံး ရဲ လေးယောက်သေတယ်၊ အဲအချိန် ကထိန်လည်းလှည့်နေတာ၊ ဓနုအဖွဲ့လို့ သိရတယ်” လို့ ဒေသခံသတင်းအရင်းအမြစ်က ပြောပါတယ်။
ယင်းတိုက်ခိုက်မှုမှာ ၁ နာရီခန့်ကြာမြင့်ပြီးခရီးသွားများ ရပ်တန့်ကာ စစ်ကောင်စီကလမ်းပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရွာငံရဲကင်း တိုက်ခိုက်ခံရပြီးနောက် ရွာငံမှာ လူ၂၅ ဦးကို စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးခဲ့သလို ပင်းတယမှ၁၅ ဦးဖမ်းထားပြီးညနေပိုင်းမှာ ပင်းတယက ငါးဦးကို ပြန်လွှတ်ပေးသော်လည်း ကျန်သူတွေရဲ့အခြေအနေတွေ မသိရသေးဘူးလို့တောင်ကြီး တော်လှန်ရေးထောက်ပို့တစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်အသေးစိတ်ရရှိရန် ရွာငံဒေသအတွင်း က တော်လှန်ရေးအဖွဲ့တွေထံ မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ ရွာငံ ဂျိုးဖြူတပ်ရင်းက ၎င်းတို့မဟုတ်ဘူးလို့ဖြေကြားခဲ့ပြီး ၁၀၀၃ ဓနုတပ်ရင်းကိုတော့ မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
၁၀၀၃ တပ်ရင်းဟာ NUG ရဲ့ အလယ်ပိုင်းတိုင်းရှမ်းတောင်စစ်ဒေသခွဲ၊ ဓနုဒေသအခြေစိုက်P3-1003 ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖြစ်ပါတယ်။
အဲဒီတပ်ဖွဲ့ဟာဓနုဒေသအတွင်း စစ်ကောင်စီနဲ့လက်အောက်ခံတွေကို တော်လှန်ခိုက်နေခဲ့ပြီး ပြီးခဲ့တဲ့ မေလ၁၄ရက်၊ မနက်ပိုင်းက ရွာငံမြို့နယ်၊ နဘန်းကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်လို့စစ်ကောင်စီက လေးဦးသေ၊ သုံးဦးဒဏ်ရသွားကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
MK – 012
#MekongNews








