ရှမ်းပြည်မြောက်ပိုင်းကို စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ် ကျင့်သုံးနေဟု ယာဉ်မောင်းများ ယူဆ
မဲခေါင်၊ နိုဝင်ဘာ ၁၄
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ဗထူးစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ပိတ်ကာ ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်လေးဖြတ်စနစ် ကျင့်သုံးနေတယ်လို့ ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းတွေက ယူဆနေကြပါတယ်။
ဗထူးစစ်ဆေးရေးဂိတ် နိုဝင်ဘာ ၁၁ရက်ကတည်းက ရက်အကန့်အသတ်မရှိပိတ်ထားတာလို့ ယာဉ်မောင်းတစ်ဉီးက ပြောပါတယ်။
“အဓိက ရိက္ခာနဲ့ ဆေးတွေ ဖြတ်တာပါ၊ သူတို့ ယူဆတာက ကုန်သည်တွေ သယ်တဲ့ရိက္ခာတွေက မြောက်ပိုင်းအဖွဲ့တွေဆီ ရောက်မယ်၊ ဒါကြောင့် သူတို့က ရအောင်ဖြတ်တယ်၊ တရုတ်ဖက်ကလည်း ပိတ်ထားတော့ ဘာမှမတတ်နိုင်လောက်ဘူးပေါ့၊ သူတို့က အဲလိုယူဆတာ” လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
လက်ရှိ ရှမ်းမြောက်ကို တက်တဲ့ကားတွေဟာ ခါးသျှီး – မိုင်းရယ် – တန့်ယန်း – လားရှိုးလမ်း၊ ကျောက်ဂူ – ကုံးမှုန် – နမ့်လန် – မိုင်းရယ် – တန့်ယန်း – လားရှိုးလမ်း၊ နမ့်လန် – စဉ့်အင် – မိုင်းရယ် – လားရှိုးလမ်းအတိုင်း သွားနေရပြီး အချိန် အားဖြင့် တစ်ရက်နှစ်ရက်ခန့်ပိုကြာနေတယ်လို့ ဆိုပါတယ်။
လမ်းတစ်လျှောက်မှာ ဖုန်းလိုင်းမမိတာ စားသောက်ဆိုင် ရှားပါးတာတွေကြောင့် ဖုန်းဆင်းကတ်ပေါင်းစုံ၊ စားနှပ်ရိက္ခာနဲ့ ဆေးပစ္စည်းတွေ ယူဆောင်သွားဖို့လိုအပ်တယ်လို့ ခရီးသည်တွေက အကြံပြုပါတယ်။
“ဒုတိယလမ်းက ကားအမြင့်တွေပဲ ရမယ်၊ ဗွက်ထူပြီး လမ်းတော်တော် ကြမ်းတယ်၊ တောလမ်းတင် ၅ နာရီလောက် ကြာတယ်၊ မဖြစ်မနေတွေပဲ သွားသင့်ပါတယ်၊ အသက်အာမခံချက် မရှိပါဘူး၊ လမ်းမသိလည်း ရွာခံတွေ ရှမ်းစစ်သားတွေ မေးလို့ရတယ်” လို့ ယာဉ်မောင်း တစ်ဦးက ဆက်ပြောပါတယ်။
ဂိတ်ပိတ်ထားပေမယ့် ရပ်စောက်၊ ပင်းတယဘက်ဝင်တဲ့ ကားတွေကို ခွင့်ပြုထားတယ်လို့ ကျောက်ဂူဒေသခံ တစ်ဦးက ပြောပါတယ်။
“ဗထူးက စပိတ်တာ၊ ကျောက်ဂူဘက်တော့ လာလို့ရသေးတယ်၊ ဗထူးကျော်ရင်တော့ ပြန်ဝင်လို့ မရဘူး”
ပြီးခဲ့တဲ့ တစ်လတာလုံး ဗွက်ထပြီး လမ်းဆိုးနေတဲ့ ကျောက်ဂူ – နမ့်လန် လမ်းပိုင်းကတော့ ပြင်ဆင်မှုတွေ ဆောင်ရွက်ပြီးတာကြောင့် နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး သွားလာနိုင်ပြီလို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ကရင်နီပြည်၊ ရှမ်းမြောက်နဲ့ ရှမ်းတောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ မကြာခဏ လမ်းပိတ်တာတွေ ကြုံနေရပြီး လမ်းပြန်ဖွင့်ဖို့အတွက် နှစ်ဘက် စစ်ရေးအခြေအနေ၊ တရုတ်နိုင်ငံနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ဆက်ဆံရေး၊ တရုတ်ရဲ့ စစ်ကောင်စီအပေါ် ဖိအားပေးမှုတွေ အများကြီးမူတည်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက သုံးသပ်ပါတယ်။
MK-014
#MeKongNews
#ရှမ်းပြည်တောင်ပိုင်း
#ရပ်စောက်မြို့
#ဗထူးဂိတ်
#ပိတ်ထား








