မဲခေါင်၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ကျေးရွာမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေကို ပအိုဝ်းပြည်သူ့စစ် (PNA)က ဖိအားပေးပြီး နေရပ်ပြန်ခိုင်းနေတယ်လို့ ပအိုဝ်းဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဗန်းမောက်ကျေးရွာမှာ အသက် ၁၈ ကနေ ၄၀ ကြားအရွယ်ရှိ အမျိုးသား ၃၀ ကို နိုဝင်ဘာလ ၉ ရက်က နေရပ်ပြန်ခိုင်းပြီး မနေ့က(နိုဝင်ဘာ ၁၀) ပြန်ရောက်လာတဲ့အချိန်မှာ စစ်မှုထမ်းခေါ်ယူသွားတယ်လို့ ဗန်းမောက်ရွာနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“အဲဒီရက်က အဆက်သွယ်ရတာတော့ PNO ဖက်က အားလုံးပြန်ခိုင်းတာ၊ ဘယ်သူမှလည်း မပြန်ရဲဘူး၊ စစ်လည်း ဖြစ်နေသေးတယ်လေ၊ အဲဒါနဲ့ ညှိကြတော့ တစ်အိမ်တစ်ယောက် ယောင်္ကျားလေးတွေ ပြန်လာပေါ့၊ နောက်တော့ ၃၀ နဲ့ သတ်မှတ်ပေးလိုက်တယ် ပြောတယ်”
ဗန်းမောက်ကျေးရွာ အနီးတစ်ဝိုက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်သလို PNA ဖက်က ရွာလုံခြုံရေးအကြောင်းပြကာ စစ်မှုထမ်း ခေါ်ယူတာဖြစ်ပြီး လက်ရှိခေါ်ဆောင်သွားတဲ့ ၃၀ ကစစ်သင်တန်း နှစ်ပတ် (သို့မဟုတ်) တစ်လကျော် တက်ရောက်ရမယ်လို့ သိရပါတယ်။
“ပအိုဝ်းရွာတွေက အဲလိုခေါ်ရင် မသွားလို့ မရဘူး၊ အိမ်ကို မီးရှို့မယ်၊ ပြီးတော့ ရွာကနေ ဖယ်ကျဉ်ထားမယ်၊ အဲလိုခြိမ်းခြောက်တယ်၊ အရင်ကတော့ မအလထဲပါမှာစိုးလို့ မိဘတွေကိုယ်တိုင်ထည့်ကြတယ်၊ အခုက ဆက်တိုက်သေနေကြတော့ PNO ကိုမယုံကြတော့ဘူး” လို့ စစ်မှုထမ်းပါဝင်သွားသူတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ အကြိမ်တွေတုန်းက ပြည်သူ့စစ် ခေါ်ယူထားသူတွေကို တောင်ကြီးမြို့နယ်၊ အထူးဒေသ ၆၊ ရန်ကင်းစစ်ဒေသ (ပေါမူရွာ)မှာ သင်တန်းပေးခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့မသိရသေးဘူးလို့ဆိုပါတယ်။
ဗန်းမောက်ကျေးရွာမှာ နေထိုင်သူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းကတိုက်ပွဲတွေကြောင့် တောင်ကြီး၊ ညောင်ရွှေ၊ ဆီဆိုင်မြို့နယ်တွေကို တိမ်းရှောင်နေရပြီး လက်ရှိမှာလည်း ကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်နေဆဲပါ။
အောက်တိုဘာလ ၃၁ ရက်ကလည်း ဗန်းမောက်ကျေးရွာကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီက ဒရုန်းနဲ့ လိုက်လံတိုက်ခိုက်ခဲ့ရာမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီး တစ်ဦးအပါအဝင် လူ နှစ်ဦး သေဆုံးခဲ့ပြီး ခုနှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ပင်လောင်း – ဖယ်ခုံလမ်းတစ်လျှောက်မှာ စက်တင်ဘာလကတည်းက လက်ရှိချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး ပင်လောင်းမြို့နယ်၊ ပင်စုံကျေးရွာ၊ သဲတောင်တိုက်ပွဲမှာ PNA ကစစ်မှုထမ်းအသစ်ခေါ်ယူထားသူတွေ အကျအဆုံးများနေတယ်လို့ စစ်ကောင်စီ ထောက်ခံသူ ချန်နယ်တွေက ရေးသား ဖော်ပြနေကြပါတယ်။
MK-014








