မဲခေါင်၊ အောက်တိုဘာ ၂၁
ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ လားရှိုး၊ မိုးမိတ် မြို့သိမ်းတိုက်ပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်ပွဲရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲဘော်တွေရဲ့ အိမ်ပြန်ခရီးကို အညာပြည်သူတွေ ကြိုဆိုတဲ့ ဓာတ်ပုံများကို ဒီနေ့ (အောက်တိုဘာ ၂၁) မှာ PLA က ထုတ်ပြန်ပါတယ်။
PLA ဟာ ၁၀၂၇ ပထမပိုင်းနဲ့ ဒုတိယပိုင်းစစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့သလို တအာင်းပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့အတူ အောက်တိုဘာ ၁၃ ရက်က နောက်ဆုံးသိမ်းယူခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့သိမ်းတိုက်ပွဲမှာလည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
PLA ဟာ ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်နေပြီး ယခုနှစ် ဇန်နဝါရီ ၁၅ ရက် သိန္နီမြို့သိမ်းတိုက်ပွဲမှာလည်း ပါဝင်တိုက်ခိုက်ခဲ့ကာ PLA ရဲဘော် ၁၂ ယောက်အထိ ကျဆုံးခဲ့ပါတယ်။
PLA ဟာ စစ်ကိုင်းတိုင်းမှာ အမှတ် ၁ စစ်ဒေသ၊ တနင်္သာရီတိုင်းမှာ အမှတ် ၈ စစ်ဒေသ၊ ကိုးကန့်ဒေသမှာ အမှတ် ၉ စစ်ဒေသနဲ့ တအာင်း(ပလောင်) ဒေသမှာ အမှတ် ၂ စစ်ဒေသ စတဲ့ နေရာတွေမှာ မဟာမိတ်အဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ကိုးကန့်တပ် MNDAA၊ တအာင်း(ပလောင်)တပ် TNLA နဲ့ ရခိုင်တပ် AA တို့နဲ့လည်း PLA ဟာ လက်တွဲပြီး မြို့သိမ်းတိုက်ပွဲနဲ့ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
ကိုးကန့်ဒေသမှာ ဖွဲ့စည်းလိုက်တဲ့ MNDAA ၆၁၁ တိုင်းရင်းသားတပ်မဟာ ကွပ်ကဲမှုအောက်မှာလည်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ချေမှုန်းနေပါတယ်။
ဒါ့အပြင် ကဗျာဆရာမှ တော်လှန်ရေးသမားဖြစ်လာသူ မောင်ဆောင်းခ ဦးဆောင်နေတဲ့ ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နဲ့လည်း မဟာမိတ်ဖွဲ့ထားပြီး ပူးပေါင်းဆောင်ရွက် နေပါတယ်။
ခေတ်သစ် မြန်မာ့နိုင်ငံရေးမှာ သက်တမ်း အရင့်ဆုံး ပါတီကြီးဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ-ဗကပရဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- PLA အနေနဲ့ အင်အားထောင်ချီ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
PLA ကို ၁၉၈၉ ခုနှစ် ဝန်းကျင်မှာ ကျဆုံးခဲ့ရတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ကို ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ တိုင်းရင်းသား တော်လှန်ရေး အင်အားစု တစ်ခုရဲ့ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ရဲဘော် ၃၂ ဦးနဲ့ ပထမဆုံး စစ်သင်တန်း ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ PLA တပ်မတော်ဖွဲ့စည်းခဲ့တာဟာ ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ဗကပရဲ့ လမ်းညွှန်မှုနဲ့ တည်ထောင်ခဲ့တဲ့ PLA တပ်မတော်ရဲ့ ၂ နှစ်တာ ကာလအတွင်း ရဲဘော်အများအပြား သူရဲကောင်း ပီသစွာ ကျဆုံးခဲ့ရပေမယ့် သွေးစွန်းတဲ့ တော်လှန်ရေးလမ်းကြောင်း အဆုံးတိုင် ဆက်လျှောက်မယ်လို့ ဆိုပါတယ်။
လက်ရှိ PLA တပ်မတော်ဟာ စစ်ကိုင်းတိုင်းနဲ့ အခြားသော စစ်တိုင်းတွေမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ လက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက် ချေမှုန်းနေတယ်လို့ သိရပါတယ်။

















