မဲခေါင်၊ အောက်တိုဘာ ၁၄
ကယား(ကရင်နီ)ပြည်၊ ဖားဆောင်းနဲ့ ဘောလခဲမြို့နယ်ကြားက စစ်ကောင်စီရဲ့ ထူးချောင်းစခန်းကုန်းကို အပြီးသတ် သိမ်းယူနိင်ခဲ့ပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်အားလုံး ထွက်ပြေးသွားပြီးတဲ့နောက် အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ဖားဆောင်း PDF နဲ့ KA ဒရုန်းအဖွဲ့တို့က အပြီးသတ် သိမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
“အရင်ရက်တွေကတည်းက တိုက်နေတာ။ မြေပြင်ရော ဒရုန်းနဲ့ တိုက်တာတွေရောပေါ့နော်။ နောက်ဆုံးရက် တိုက်ပွဲမှာတော့ သူတို့ဖက်က မနက်ပိုင်းကတည်းက ထွက်ပြေးသွားတာပေါ့နော်။ ပြီးခဲ့တဲ့ ရက်တွေကဆို သူတို့ဖက်က လေကြောင်းနဲ့ရော ဒရုန်းနဲ့ရော တောက်လျှောက် ကြဲတာပေါ့နော်” လို့ ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲအပြီး စစ်ကောင်စီရဲ့ ၆၀ မမ လက်နက်ကြီး အပါအဝင် လက်နက်ငယ် အနည်းစုကိုသာ သိမ်းဆည်းရမိခဲ့ပြီး ကျန်တဲ့ လက်နက်တွေကိုတော့ စစ်ကောင်စီဖက်က ပြန်လည် သယ်ဆောင်သွားတာ၊ ဖျက်ဆီးခဲ့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေက ဆုတ်ခွါပြီးတဲ့နောက်မှာ ကရင်နီမဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုတွေက လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ဆက်ပြောပါတယ်။
“သူတို့ ဆုတ်လာတော့ ဖားဆောင်းနဲ့ ဘော်လခဲ ကြားမှာပဲ ကျနော်တို့ ဖြတ်တိုက်တာ တခုတော့ ရှိတယ်ပေါ့နော်။ ကျနော်တို့ကပဲ လက်ဦးတယ် ပြောရမှာပေါ့နော်။ သူတို့ဖက်ကလည်း ကျန်ခဲ့တာတွေ မရှိပါဘူး။ ဒဏ်ရာရတာတွေရော အလောင်းတွေရော အကုန်သယ်ပြေးသွားတာပဲ”
တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံးစာရင်းကို မသိရသေးပေမယ့် ကရင်နီမဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုတွေဖက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ထူးချောင်းစခန်းကုန်းဟာ စစ်ကောင်စီတပ်က ဘော်လခဲဗျူဟာကို စစ်ကူပေးပို့ဖို့အတွက် ခရီးတစ်ထောက် နားရတဲ့ နေရာဖြစ်ပြီး တပ်အပြောင်းအလဲအတွက် စစ်ရေးဗျူဟာအရ အရေးကြီးတဲ့ စခန်းကုန်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဘောလခဲ ခရိုင်အတွင်းမှာ စစ်ကောင်စီရဲ့ ၁၂ မိုင်၊ ဝမ်မလန်း၊ ခလရ ၁၃၄၊ ၁၃၅ စခန်း ၄ ခုသာ ကျန်ရှိပြီး အပြီးသတ် သိမ်းယူနိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ဖားဆောင်း PDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။
MK-014











