မဲခေါင်၊ အောက်တိုဘာ ၁၄
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က မနေ့ အောက်တိုဘာ ၁၃ ရက်ည ၁၂ နာရီအချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါ အီနိုင်းကျေးရွာမှာ စစ်ကောင်စီက လေကြောင်း ပေါင် (၅၀၀) နဲ့ ဗုံး ၇ လုံးကြဲချမှုကြောင့် ဒေသခံအမျိုးသား ၃ဦးသေဆုံးပြီး လေးနှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ MNDAA ထုတ်ပြန်ပါတယ်။
ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတာကြောင့် ဒေသခံတချို့ မြို့ကိုစွန့်ခွာသွားကြပါတယ်။
“ စစ်ကောင်စီက လူအိပ်တဲ့ချိန်ဆို လေယာဉ်နဲ့လာကြဲပြီ၊ ညညဆိုနားစွင့်ပြီး အိပ်နေရတယ်၊ လေယာဉ်လာရင် ထပြေးရတာပေါ့။ မနေ့ညဆို အသံတွေကြားနေရတယ်၊ ပေါင် ၅၀၀ဆိုတော့ တလုံးနဲ့ အိမ်တွေမများပျက်ဆီးနေပြီ၊ နေစဥ်အလိုလို စစ်ကောင်စီ လေယာဉ်လာဝဲနေတယ်။ ကိုယ်အိမ်ပေါ်လေယာဉ်လာမကြဲဖို့ ဆုတောင်းနေရတယ်” လို့ ပြောပါတယ်။
မနေ့ညက စစ်ကောင်စီပေါင် ၅၀၀ နဲ့ဗုံးကြဲမှုကြောင့် အီနိုင်းကျေးရွာရှိ လူနေအိမ် ငါးအိမ်ကျော်ပျက်ဆီးခံရပြီး ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း၊ ဘုရားကျောင်းဝန်းအတွင်းရှိတဲ့ ခန်းမတစ်ခုနဲ့ လက်ရှိဖွင့်နေဆဲဖြစ်တဲ့ မူကြိုကျောင်းတစ်ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA နဲ့ပူပေါင်းတပ်တို့က သြဂုတ် ၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ကိုးကန့်တွေ အုပ်ချုပ်ရေးယန္တယားအကောင်အထည်ဖို့လုပ်နေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ၁၆ ကြိမ်တိတိ ဗုံးကြဲမှုပြုလုပ်ခဲ့ပါတယ်။
MK 11














