မဲခေါင်၊ အောက်တိုဘာ ၁၀
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်မှာ စစ်ကောင်စီတပ်က T-12 လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် သီလရှင်တစ်ပါး သေဆုံးခဲ့ပြီး ဒေသခံ၂ဦး ဒဏ်ရာရရှိတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ဗုံးအလုံး ၆၀ ကျော်ကြဲချခဲ့ပြီး ရွှေကျောင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူလူထုနေအိမ်တွေနဲ့ ပန်တိမ်တောင်ရပ်ကွက်ရှိ ဦးအိုက်တူနေအိမ်တို့ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်းအတွင်းမှာ ဗုံးကျရောက်ပေါက်ကွဲပြီး သီရှင်တစ်ပါးသေဆုံးကာ အရပ်သား လင်မယား ၂ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သီပေါမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ TNLA တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး ပြီးခဲ့တဲ့အောက်တိုဘာ ၇ရက်နေ့ ညနေ ၂နာရီအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့က သီပေါမြို့နယ် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နဲ့ နမ့်ငုံးကျေးရွာတို့မှာ ဗုံးအလုံးရေ ၅၀ကျော် လာရောက်ကြဲချခဲ့တယ်လို့ TNLA ထုတ်ပြန်ထားပါတယ်။
လေကြောင်းနဲ့တိုက်ခိုက်မှုကြောင့် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်နဲ့ အုတ်ကျင်းရပ်ကွက်ရှိ ဒေသခံပြည်သူများရဲ့ နေအိမ် ၁၀ အိမ်ကျော်ကိုလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
သီပေါမှာ တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေလည်း ပြတ်တောက်ခံရသလို တိုက်ပွဲအတွင်းမှာ သီပေါမြို့နယ်ဒေသခံ ၃၀ ကျော်သေဆုံးကာ ၆၀ ကျော်ဒဏ်ရာထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
MK – 011










