မဲခေါင်၊ အောက်တိုဘာ ၈
ရပ်စောက်မြို့နယ်၊ ရမ်းတွင်းငါးကျောင်း ကျေးရွာအုပ်စုမှာ ရှမ်းတပ်ဖွဲ့ ၂ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS တို့ တိုက်ပွဲဖြစ်ပွားရာ ရတနာပုံအနောက်ကျေးရွာက ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျရောက်ပြီး ဘုန်းကြီး ၂ပါး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရပ်စောက်မြို့နယ်၊ ရမ်းတွင်းငါးကျောင်း ကျေးရွာအုပ်စုအတွင်း SSPP တပ်ဖွဲ့ အထိုင်ချနေတဲ့ ရတနာပုံ အရှေ့ရွာရဲ့ အရှေ့ဘက်ခြမ်းကို RCSS အဖွဲ့က အောက်တိုဘာလ ၈ရက် မနက်ပိုင်းမှာ သွားရောက်ပစ်ခတ်တာဖြစ်ရာကနေ အပြန်အလှန်ပစ်ခတ်မှုပစ်တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“အစိမ်း (SSPP) ရှိတဲ့နေရာကို အကျား (RCSS) သွားပစ်တာလို့သိရတယ်။ အင်အားချင်းမမျှဘဲ ထွက်ပြေးလာတော့ အစိမ်းက အကျားကို လိုက်ပစ်တာ၊ အဲဒီလက်နက်ကြီးက ရတနာပုံအနောက်ရွာက ဘုန်းကြီးကျောင်းပေါ်ကျတာ။ ၂ကြိမ်ကျတယ်” လို့ အဲဒီဒေသခံက ပြောပါတယ်။
သွားရောက်ပစ်ခတ်တဲ့ RCSS တပ်ဖွဲ့ဟာ ရပ်စောက်မြို့နယ်၊ ရမ်းတွင်းငါးကျောင်း အုပ်စု ၊ ထီးခမ်းရွာနဲ့ ပင်ဖျစ်ရွာတွေမှာ အခြေချတာဖြစ်ပြီး ပြန်လည်ဆုတ်ခွာရာမှာ ရတနာပုံအနောက်ရွာကို ဖြတ်ပြီး ဆုတ်ခွာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲချိန်ဟာ ဘုန်းကြီးဆွမ်းစားချိန်ဖြစ်တဲ့ မနက် ၁၁နာရီ ဝန်းကျင်ဖြစ်ပြီး ပထမအကြိမ်ကျရောက်တဲ့ လက်နက်ကြီးကြောင့် ရတနာပုံအနောက် ကျေးရွာဘုန်းကြီးကျောင်းရဲ့ ဆွမ်းစားဆောင် ပျက်စီးသွားကာ ဒုတိယအကြိမ်လက်နက်ကြီး ကျရောက်ရာမှာတော့ ဘုန်းကြီး ၂ပါး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဘုန်းကြီးကျောင်းနဲ့ နီးစပ်တဲ့ ရွာသားတစ်ဦးက ပြောပါတယ်။
လက်နက်ကြီး ထိမှန်တဲ့ ဘုန်းကြီး ၂ပါးမှာ တစ်ပါးက ဝမ်းဗိုက်ပွင့်သွားပြီး နောက်တစ်ပါးကတော့ ခြေထောက်ထိမှန်သွားတာကြောင့် တောင်ကြီး၊ စဝ်စံထွန်းဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံနေရတယ်လို့ အဲဒီကျေးရွာသားက ပြောပါတယ်။
“အဲဒီကျောင်းက တောင်ကြီးက ၈၈၈၈ ဆရာတော်လို့ခေါ်တဲ့ ဘုန်းကြီးရဲ့ ကျောင်းပဲ။ ဗိုက်ပွင့်သွားတဲ့ ဘုန်းကြီးကတော့ အူတွေပါထွက်တယ်။ အခြေအနေမကောင်းဘူး” လို့ သူကပြောပါတယ်။
ရပ်စောက်မြို့နယ်ဟာ RCSS ရော၊ SSPP ပါ အခြေချတဲ့ ဒေသဖြစ်ပြီး မကြာခဏဆိုသလို ပစ်ခတ်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသလို တပ်ဖွဲ့ပြန်ကြားရေးတွေကလည်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
MK – 004














