မဲခေါင်၊ အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ ဆော့လော်မြို့ကို အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းက KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက် လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဆော့လော်မြို့ကို ဒီနေ့ အောက်တိုဘာ ၂ ရက် မနက် ၇ နာရီ ၂၀ မိနစ်ခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့က သိမ်းလိုက်နိုင်ပြီ” လို့ KIA. ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ထိုးစစ် မဆင်ခင်ကတည်းက စစ်ကောင်စီနဲ့ ပူးပေါင်း တပ်ဖွဲ့တွေကို လက်နက်ချဖို့ ကြိုတင် သတိပေးခဲ့ ပေမယ့် လက်နက်မချတာကြောင့် စက်တင်ဘာ ၂၉ ရက်နေ့ မနက် ၅ နာရီ ခန့်ကစ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့တာ လို့ ဆိုပါတယ်။
“KIA တပ်မဟာ ၇ နယ်မြေ ဆော့လော်မြို့ကို ဒီမနက် ၇ နာရီကျော်ခန့်က အပြီးသတ် သိမ်းလိုက်တာ” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ ဒေသခံ ပြည်သူတွေ ထိခိုက်မှု၊ သေဆုံးမှုတွေရှိပြီး ပန်ဝါဘက် စစ်မျက်နှာ ဦးတည်လာတာကြောင့် ဒေသခံတွေ စစ်ဘေးလွတ်ရာ စတင် ရှောင်နေကြပြီလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ စခန်းလက်မလွတ်ရေးအတွက် လေကြောင်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့ နဲ့ ၃၀ ရက်နေ့ ၂ ရက်အတွင်း ချီဖွေမြို့ အပါအဝင် ချီဖွေ ခရိုင် ရဲစခန်း၊ မြို့နယ်ရဲစခန်း၊ ၄ မိုင် စုပေါင်းဂိတ်၊ ရတလ – ၁၀၅ အထိုင်စခန်း၊ ချီဖွေ၊ ရှငေါ် စခန်းတွေနဲ့ ကာကင်းစခန်း သိမ်းပိုင်နိုင်ခဲ့ပြီး ခဲယမ်း၊ သုံ့ပန်းတွေ အများအပြား ရရှိထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း ဆဒုံး ဗျူဟာ အပါအဝင် ဆဒုံး – ဝိုင်းမော် လမ်းပေါ်က စစ်ကောင်စီ နဲ့ နယ်ခြားစောင့်တပ် BGF တပ်စခန်း ၂၀ ဝန်းကျင် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
Photo-crd
CJ-008








