မဲခေါင်၊ စက်တင်ဘာ ၂၄
ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကို စစ်ကောင်စီက ဒီနေ့ စက်တင်ဘာ ၂၄ရက် မနက်အစောပိုင်း ၁နာရီခွဲခန့် (စက်တင်ဘာ ၂၃ရက် ညသန်းခေါင်ကျော်)မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဒေသခံ ၉ ဦးထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ တစ်ညတည်းမှာ ၂ကြိမ် လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပြီး ညသန်းခေါင် ၁နာရီခွဲ့ခန့်မှာ ပထမအကြိမ်အဖြစ် ရပ်ကွက် ၂မှာရှိတဲ့ ရထိုက်ဟိုတယ် နဲ့ ဖူလီလိုက်ဟိုတယ်ကို စစ်ကောင်စီက ဗုံး ၂ လုံးလာရောက် ကြဲချခဲ့ရာ လူ ၉ဦး ဒဏ်ရာရပြီး ဟိုတယ်အနီးရှိ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဒုတိယအကြိမ်အဖြစ် ဒီနေ့ စက်တင်ဘာ ၂၄ရက် မနက် ၄ နာရီလောက်မှာ ရက်ကွက် ၂ ရှိ လပ်ကီးရွှေဆိုင်ကို လေယာဉ်နဲ့ထပ်မံ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးတစ်မီးတစ်ဦးသေဆုံးခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
စက်တင်ဘာလ ၂၄ရက် ညသန်းခေါင်ကျော်မှာ စစ်ကောင်စီကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးတွေဟာ ဖျက်အားပြင်းတဲ့ ပေါင် ၅၀၀ ဗုံးတွေဖြစ်တယ်လို့ MNDAA သုံးသပ်ကြောင်း MNDAA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒီအချက်အလက်နဲ့ ပတ်သက်လို့ မဲခေါင်သတင်းဌာနက သီးခြားအတည်ပြုချက်မရသေးပါဘူး။
စက်တင်ဘာ ၂၁ ရက်နေ့ည ၁၀ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီဟာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လားရှိုးမိုတယ်ရှေ့ နဲ့ရက်ကွက် ၁၂ထဲက အိမ်တွင်းမှုကျောင်းဘေးက ပြောင်းပွဲရုံတိုက်ပေါ် တို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲပြီး တစ်လနီးပါးအကြာမှာ စစ်ကောင်စီဟာ လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့မှာတစ်ကြိမ်၊ စက်တင်ဘာ ၉ ရက်နေ့မှာတစ်ကြိမ်၊ စက်တင်ဘာ ၁၀ ရက်နေ့မှာတစ်ကြိမ်၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ တစ်ကြိမ်နဲ့ စက်တင်ဘာ ၂၄ မှာတစ်ကြိမ် စုစုပေါင်း ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
MK – 016














