မဲခေါင်၊ စက်တင်ဘာ ၁၇
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီတပ်မှ Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၈၀ ကျော်လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်များထိခိုက်ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
စက်တင်ဘာလ ၁၆ရက် မနက်ပိုင်းက စစ်ကောင်စီတပ် လေကြောင်းကနေ ကြဲချတာဖြစ်ပြီး လူနေရပ်ကွက်တွေအပေါ် ကျရောက်ခဲ့တာကြောင့် ရက်ကွက်အတွင်းက လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ဒေသခံတစ်ဦး ဗုံးစမှန်သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
လွန်ခဲ့တဲ့ တစ်လခန့်လောက်ကစပြီး စစ်ကောင်စီက သီပေါမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်ခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်ကတော့ အဆိုးဆုံးဖြစ်တယ်လို့ သီပေါမြို့ခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။


“ဖြစ်နေတာ(လေကြောင်းဗုံးကြဲတာ)တော့ တစ်လလောက်ရှိပြီ။ မနေ့(စက်တင်ဘာ ၁၆)ကတော့ အဆိုးဆုံးပဲ။ ပန်းခြံလို နေရာမှာ တစ်လုံးကျတယ်။ နောက်လမ်းဆုံနေရာ တစ်လုံးကျတယ်။ လူထူထပ်တဲ့ ရပ်ကွက်ထဲလည်း ဗုံးတွေကြဲတယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီကြဲချခဲ့တဲ့ ဗုံးတွေဟာ သီပေါမြို့ အနောက်ရပ်ကွက်နဲ့ စင်မာလာပြည်သူ့ဥယာဉ် အတွင်းမှာကျရောက်ပေါက်ကွဲခဲ့တယ်လို့ PSLF/TNLAရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်စွဲထားတဲ့ တပ်စခန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် သီပေါမြို့ ဇတ်စုရပ်ကွက်အတွင်းက နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ပါတယ်။ သီပေါမြို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။
သီပေါမြို့ရှိ စစ်ကောင်စီတပ်စခန်းကို TNLA တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်တာ ၁ ပတ်ကျော်ကြာဖြစ်တဲ့ ဩဂုတ်လ ၁၈ ရက်ကစလို့ မြို့တွင်းတိုက်ပွဲ ငြိမ်သက်နေကာ စက်တင်ဘာ ၁၄ ရက်နေ့မှနေစပြီး တိုက်ပွဲပြန်လည် ဖြစ်ပွါးခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ဦးတည်ပြီး လေကြောင်းနဲ့ လိုက်လံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု နဲ့ ဒဏ်ရာရရှိသူအများအပြားရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးတွေနဲ့ ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှုအများအပြားရှိတယ်လို့ PSLF/TNLAကထုတ်ပြန်ထားပါတယ်။
Photo – TNLA
MK – 016








