မဲခေါင်၊ စက်တင်ဘာ ၅
၂၀၀၉ ခုနှစ် နအဖ အစိုးရလက်ထက်က ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့တဲ့ ဆင်ကျော့ ပြည်သူ့စစ်ဟာ ဒီနေ့ စက်တင်ဘာလ ၅ရက်မှာ SSPP နဲ့ ပြန်လည်ပူးပေါင်းလာပြီလို့ SSPP အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းဆုက သူ့ရဲ့လူမှုကွန်ရက်မှာ အသိပေးပါတယ်။
အခုလို SSPP နဲ့ ပြန်လည်ပူးပေါင်းမှုကို ဆင်ကျော့ပြည်သူ့စစ် ဥက္ကဌ စဝ်လွယ်မော် ဦးဆောင်ခဲ့ပြီး ၁၄နှစ်အကြာမှာ အခုလိုပြန်လည်ပူးပေါင်းခဲ့တာလို့ ဗိုလ်မှူးကြီးစိုင်းဆုက ပြောပါတယ်။
“ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ စည်းလုံးမှုက ကြီးမားတယ်၊ စက်တင်ဘာလ ၅ ရက်၊ ၂၀၂၄ ခုနှစ်ဟာ ရှမ်းပြည်စည်းလုံး ညီညွတ်ရေးအတွက်ကောင်းမွန်တဲ့ နေ့တစ်နေ့ ဖြစ်ပြီး SSA ဟာ ၂၀၀၉ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ မှာ အုပ်စု နှစ်စု ကွဲသွား ခဲ့တယ်။ တချို့က ပြည်သူ့စစ်အဖြစ်နဲ့ တချို့က SSA အဖြစ် ကွဲပြားစွာတည်ရှိခဲ့တာ ၁၄ နှစ်နီးပါးရှိခဲ့ပြီး ယနေ့မှာတော့ SSPP/SSA ဌာနချုပ်မှာ SSPP/SSA အရင် တပ်မဟာ (၃) (ပြည်သူ့စစ်ခဏတာဖြစ်သွားခဲ့ခြင်း) ကနေ အရာရှိတွေ ဦးဆောင်ကာ SSPP/SSA ရဲ့ လမ်းကြောင်းအတိုင်း ဆက်လက်လက်တွဲ လုပ်ဆောင်သွားဖို့ ဗိုလ်ချုပ်ကြီး စဝ်လွယ်မော် ဦးဆောင်ခဲ့တယ်။ ဥက္ကဌကြီး စဝ်လွယ်မော်၊ ရဲဘော်တွေ၊ တာဝန်ရှိသူတွေနဲ့ ပြန်လည်ဆုံစည်းခဲ့ကြတဲ့ မိသားစုဝင်တွေအားလုံးကို ကျေးဇူး တင်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို လေးစားစွာဖြင့်” လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရှမ်းဘာသာနဲ့ ရေးသားထားပါတယ်။
အခုလို ပြန်လည်ပေါင်းစည်းမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို SSPP အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းဆုနဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်တို့ကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။



ဆင်ကျော့ပြည်သူ့စစ်အဖွဲ့တွေ SSPP တပ်ဖွဲ့ထဲပြန်လည် ဝင်ရောက်လာဖို့ မိုင်းရယ်မှာ တွေ့ဆုံဆွေးနွေးနေတာ ကာလအနည်းငယ်ကြာပြီဖြစ်တယ်လို့ ရှမ်းပြည်နိုင်ငံရေးသမားတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“မိုင်းရယ်မှာ တွေ့ဆုံဆွေးနွေးနေတာကြာပြီကြားနေတာ။ ပေါင်းတာကတော့ မင်္ဂလာပေါ့။ လူထုကတော့ အားလုံးတစ်ခုတည်းဖြစ်စေချင်တာ။ ဒီနေ့ တစ်ဖွဲ့ပေါင်း နောက်နေ့ နောက်အဖွဲ့တွေပေါင်း အကောင်းဆုံးပေါ့။ ဒါပေမယ့်လူထုအတွက်ဖြစ်ဖို့တော့လိုပါတယ်” လို့ သူက ပြောပါတယ်။
၂၀၀၉ ခုနှစ် နအဖ အစိုးရက အခြားအဖွဲ့တွေနည်းတူ SSPP/SSA ကို ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့လို့ SSPP ဥက္ကဌဖြစ်သူ စဝ်လွယ်မောင်းနဲ့ တပ်မဟာ ၃ ဟာ ဆင်ကျော့(သီပေါအနီး) ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် SSPP ဒုဥက္ကဌ စဝ်ကိုင်ဖနဲ့ တပ်မဟာ ၇ က ကာလိပြည်သူ့စစ်အ ( ခိုလန်အရှေ့ဖက်၊ သံလွင်မြစ်အနီး) အဖြစ်အသွင်းပြောင်းကာ မြန်မာစစ်တပ်လက်အောက်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ SSPP ဟာ FPNCC အဖွဲ့ ဝင်ဖြစ်သလို UWSA နဲ့လည်း ပူးတွဲစစ်ရေးလှုပ်ရှားမှုတွေရှိနေကာ ရှမ်းတောင် ရပ်စောက်၊ ပင်းတယ ဘက်အထိ အင်အားဖြန့်ကျက် လှုပ်ရှားနေကြောင်းသိရပါတယ်။
MK – 012










