မဲခေါင်၊ စက်တင်ဘာ ၄
ရှမ်းတောင်၊ အောင်ပန်းမြို့မှာ ပြည်သူ့လုံခြုံရေးဆိုကာ ရပ်ကွက်အလိုက် ကင်းစောင့် ကင်းလှည့်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ၁ ရပ်ကွက်ကို ၅ ဦးနှုန်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက ဦးဆောင်ရတာလို့ သိရပါတယ်။
‘”တနေ့ကဆို မအလ က တောင်ကြီးကနေ အောင်ပန်းစစ်ဆေးရုံ လာမှာဆိုပြီး ကင်းလှည့် ကင်းစောင့်ရတာ နောက်ထပ် အရန်၂၀ တိုးတယ်၊ မအလက ကားနဲ့မဟုတ်ဘဲ ရဟာတ်ယာဥ်နဲ့လာသွားတာ၊ သူလာသွားပြီး မနေ့ကတော့ ၅ ဦး ပြန်ဖြစ်တယ်”လို့ လက်မပင်ရပ်ကွက်သား တစ် ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
နေ့စဥ် ဟိုက်ဒြိုကွင်းမှာ စစ်တပ်နဲ့ရဲက လူစုပြီး အလှည့်ကျ လှည့်ကင်းခေါ်တဲ့ ရပ်ကွက်လိုက်ရပြီး ကျန်သူတွေက ကိုယ့်ရပ်ကွက်မှာ ကင်းပြန်စောင့်ရတယ်လို့ ပြောပါတယ်။
လက်နက်ကိုင်ရတာမရှိဘဲ ညဦးပိုင်းတစ်ကြိမ်၊ ညသန်းခေါင်နဲ့ မနက်အစော စုပေါင်း ၃ ကြိမ် ကင်းလှည့်ရတယ်လို့ ဆိုပါတယ်။
“ရဲတွေကတော့ သူတို့အလုပ် အရပ်သားတွေဝင်လုပ်ရတော့ ကောက်စားဘဝနဲ့အေးဆေးပဲ၊ ကင်းလှည့်လဲ သူခိုးကတော့ မငြိမ်ပါဘူး”လို့ လှည်းရိုးရပ်ကွက်သားတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်နှိမ်နင်းရေး ခေါင်းစဥ်နဲ့ လုံခြုံရေးသင်တန်းကို တစ်ရပ်ကွက် ၁၅ ဦး သင်တန်းတက်ခိုင်းမှာဖြစ်ပြီး အဲထဲက လူတစ်ချို့ကို လက်နက်ပေးကိုင်မယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ရပ်ကွက် ၃ ခုသာ လူရထားပြီး ကျန်ရပ်ကွက်တွေမှာ စာရင်းကောက်ဆဲလို့ သိရပါတယ်။
အောင်ပန်းမှာ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄နဲ့ ညောင်ပင်ထောင်၊ လှည်းရိုး၊ လက်မပင်၊ မြို့ဟောင်း၊ မင်္ဂလာ၊ ရွာသစ်ကုန်း၊ မိုးကောင်း၊ ရွာငံစုရပ်ကွက်တို့ ရှိကြပါတယ်။
ကင်းလှည့်စစ်တပ်တွေကတော့ မစခ ၉၀၃၊ အမတ ၄၀၇၊ ၅၀၇၊ ၃၅၅ ၊ ပညာရေးတပ် ၃ နဲ့ခုတင် ၇၀၀ ဆေးတပ်တွေလို့ သိရပါတယ်။
စစ်ကောင်စီဟာ စစ်တပ်ကလျော့နည်းလာတဲ့ အင်အားတွေနေရာမှာ မတရား ဥပဒေတွေ ပြဌာန်းသတ်မှတ်ပြီး ပြည်သူတွေကိုအနိုင်ကျင့် ပြည့်သူ့လုံခြုံရေး အကြမ်းဖက်နှိမ်းနင်းရေးခေါင်းစဥ်တပ်ကာ အနိုင်ကျင့် စေခိုင်းလာနေတာ ဖြစ်ပါတယ်။
MK-012








