မဲခေါင်၊ စက်တင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၆ ဦးကို ကရင်နီပြည် ရဲတပ်ဖွဲ့(KSP)က တရားစွဲဆိုလိုက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ တိုက်ပွဲတွေအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကရင်နီပြည် အမှတ် ၁၁ ရဲစခန်း ရဲတပ်ဖွဲ့ က တရားစွဲဆိုထားတာပါ။
“လောလောဆယ်တော့ ၅၀ (က)နဲ့ပဲ စွဲထားတယ်။ တရားရုံးက ဘယ်လို အမိန့်ချမလဲတော့ မသိသေးဘူး။ တကယ်လို့ တခြားကျူးလွန်တာတွေ ထပ်တွေ့တယ် ဘာညာဆိုရင်တော့ တခြားပုဒ်မတွေ ထပ်တိုးမှာပေါ့နော်။ အခုက စစ်ဆေးနေတုန်းဆိုတော့ ပြောရခက်သေးတယ်” လို့ KSP ဒုရဲချုပ် (၂) ကိုဘိုဘိုက ပြောပါတယ်။
ဖမ်းမိထားသူတွေဟာ စစ်ကောင်စီတပ်က စိုင်းသူအောင် (၅၅၃ – ခြေမြန်တပ်ရင်း )၊ အောင်မြင့်ကျော် (ဒသရ – ၆၀၄ တပ်ရင်း)၊ မျိုးမင်းသူ (အစရ – ၉၀၃)၊ တင်ထွန်းဦး (အမှတ် – ၄ အခြေခံစစ်ရေး လေ့ကျင့်ရေးကျောင်း)၊ မြမင်းသိန်း (ပင်လောင်းမြို့ အခြေခံစစ်သင်တန်း) နဲ့ ပအိုဝ့်ပြည်သူ့စစ် PNA တပ်ရင်း ၇ က တပ်သား ပန်းလှတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
“တရားခံတွေတော့ ဒီတိုင်းတော့ မထားဘူး။ သူတို့ ဒဏ်ရာရတာတွေ ရှိရင် ဆေးကုပေးတယ်။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေ ပို့ပေးတာပေါ့နော်။ ဟိုတခါ ဧပြီတုန်းက ဖားဆောင်းတိုက်ပွဲမှာ ဖမ်းမိတဲ့ အယောက် ၅၀ ကျော်လည်း ကျနော်တို့ပဲ ထိန်းသိမ်းထားပါတယ်” လို့ KSP ဒုရဲချုပ်(၂) ကိုဘိုဘိုက ဆက်ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်တွေဟာ အရပ်သားများကို သတ်ဖြတ်တာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ခိုးဝှက်တာတွေ ကျူးလွန်ခဲ့ပြီး လက်ရှိမှာ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၀(က)အရ အရေးယူစစ်ဆေးသွားမယ်လို့ ခရိုင်တရားသူကြီး ဦးစောဒေးကလည်း ရှင်းပြပါတယ်။
ကရင်နီပြည်မှာ စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလအတွင်း KSP က ရဲစခန်း ၁၄ ခုနဲ့ ရဲကင်း ၁၇ ခု ဖွင့်လှစ်ထားနိုင်ခဲ့ပြီး အမှုပေါင်း ၄၃၉ မှုကို တရားစွဲဆိုနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
MK-014









