မဲခေါင်၊ သြဂုတ် ၂၉
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တအာင်းအမျိုးသားတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
မနေ့ သြဂုတ် ၂၈ ရက်နေ့မှာ နောင်ချိုမြို့နယ်၊ တောင်ခန်းကျေးရွာက စစ်ကောင်စီရဲ့ (၉၀၂) တပ်စခန်း၊ (၄၀၆)တပ်စခန်းနဲ့ (၂၀၆) တပ်စခန်းတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက Y12 နဲ့ (၃)ကြိမ် ၊ ဗုံး (၁၀၀) လုံး၊ ဂျက်ဖိုက်တာ (၄) ကြိမ်၊ ဗုံး (၆)လုံး၊ မိုင်တိုင် (၇)မှာ ဂျက်ဖိုက်တာ (၁) ကြိမ်နဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီက ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကတဆင့် နောင်ချိုမြို့နယ်အတွင်း စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ ထိုးစစ်ဆင် ကြိုးပမ်းနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
သြဂုတ် ၂၇ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာလည်း သီပေါမြို့အတွင်းကို စစ်ကောင်စီက Y12 လေယာဥ်နဲ့ ဗုံးအလုံး (၅၀) ကျော် လာရောက်ကြဲချခဲ့တဲ့အတွက် ဒေသခံ (၂) ယောက် သေဆုံးပြီး (၂) ယောက် ဒဏ်ရာရရှိကာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။
MK-015










