မဲခေါင်၊ သြဂုတ် ၂၈
ရှမ်းမြောက် ၊ ကျောက်မဲကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မနေ့ သြဂုတ်လ ၂၇ ရက် ညသန်းခေါင်မှာ ပေါင် ၅၀၀ ဗုံး ၃လုံးကြဲချခဲ့တာမှာ အမှတ်(၉)ကွက်၊ တိလင်နယ်မြေ(၁) အထက(၂)ကျောင်းမြောက်ဖက်ကျတဲ့ ဗုံး ၂ လုံးကြောင့် လူတစ်ဦး သေဆုံးရတယ်လို့သိရပါတယ်။
“လက်ဘက်ပွဲရုံ နားလဲ ၁လုံးကျတယ်၊ ရပ်ကွက်၉ ထဲကျတာ လူတစ်ဦးသေတယ်၊ တစ်ခြားလူထိခိုက်တာမရှိဘူး”လို့ ကျောက်မဲဒေသခံ ၁ဦးက မဲခေါင်ကိုပြောပါတယ်။
စစ်ကောင်စီရဲဗုံးဒဏ်ကြောင့် အနီးဝန်းကျင်က အိမ်တချို့ ပြတင်းပေါက်မှန်တွေ ပျက်စီးကုန်ပြီး မီးလောင်မှုတော့ မရှိဘူးလို့သိရပါတယ်။
“ဗုံးထပ်ကြဲမှာစိုးလို့ အတော်များများ ပြန်စစ်ရှောင်ကုန်ကြပြီ၊ လူတွေလဲ ဝင်ငွေမရှိ အလုပ်မရှိ ငတ်နေကြပြီ”လို့ ရပ်ကွက် ၈ နေသူ တစ်ဦးက ပြောပါတယ်။
တကျော့ပြန်စစ်ရှောင်သူတွေဟာ မြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ ချောင်းခြောက်၊ နောင်ပိန်ဘက်တွေကို သွားရောက်ခိုလှုံကြရပြန်တယ် လို့သိရပါတယ်။
ယနေ့မနက်မှာ TNLA အုပ်ချုပ်ရေးက ဗဟိုစျေးကြီးကိုဖွင့်လှစ်ခဲ့ပေမယ့် စစ်ကောင်စီက ကွတ်ခိုင် ၊ သိန္နီတို့လို စျေးစည်ကားချိန်တွေ ထပ်မံဗုံးကြဲလာမှာကို စိုးရိမ်ထိတ်လန့်ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ကျောက်မဲမြို့ကို စစ်ကောင်စီလက်အောက်က TNLA နဲ့ PDF တွေ တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးနောက် အုပ်ချုပ်မှုတွေ စတင်ပြုလုပ်နေတာမှာ အခုလို ညသန်းခေါင် ဗုံးကြဲတိုက်ခိုက်ခံရတာပါ။
MK-012








