မဲခေါင်၊ ဩဂုတ် ၂၆
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ဗိုလ်မှူးချုပ်ကိုယ်တိုင် ဦးစီးနေတဲ့ ကွင်း (၅၀၀) တပ်စခန်းကို မန္တလေး PDF က မနေ့ (သြဂုတ် ၂၅) ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တဲ့အကြောင်းကို ဒီနေ့မှာ အသိပေး ထုတ်ပြန်လာပါတယ်။
ကွင်း (၅၀၀) တပ်စခန်းကို စစ်အင်အား (၄၀၀) ခန့်နဲ့ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးနေတာဖြစ်ပြီး သြဂုတ် ၅ ရက်နေ့ကတည်းက မန္တလေး PDF က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ရက်ပေါင်း (၂၀) ကြာတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာပဲ ဖြစ်ပါတယ်။
အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တဲ့အချိန်မှာတော့ လက်နက်ခဲယမ်းအမြားအပြားနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ်ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် မန္တလေး PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း ပေးဆပ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေး PDF အနေနဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်စခန်း ၉ ခုကို သိမ်းပိုက်ထားပြီး အခုအခါမှာ မိုးကုတ်နဲ့ စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီရဲ့ ဗျူဟာမြောက်တပ်စခန်းတွေ အပါအဝင် စခန်းငယ်အားလုံး ကင်းစင်သွားပြီလို့လည်း ထုတ်ပြန်ချက်မှာ အသိပေး ဖော်ပြထားပါတယ်။
MK-015











