မဲခေါင်၊ သြဂုတ် ၂၃
ရှမ်းမြောက်၊ ကျောက်မဲမြို့ အုပ်ချုပ်ရေးမှာ ဒေသခံတွေကို TNLA က တာဝန်ပေးအပ်တာတွေ ရှိတယ်လို့ မြို့နေလူထုထံက သိရပါတယ်။
လက်ရှိမှာ ကျောက်မဲမြို့ကို TNLA က သိမ်းပိုက် ထိန်းချုပ်ထားတာဖြစ်ပြီး မြို့အုပ်ချုပ်ရေးပိုင်းကို ဒေသခံ ၂ ဦးကို တာဝန်ပေးအပ်ခဲ့တာလို့ သိရပါတယ်။
TNLA က တာဝန်ပေးခံရတဲ့သူ ၂ဦးမှာ ၁ ဦးက ပလောင်လူမျိုးဖြစ်ပြီး ၁ ဦးက ဗမာလူမျိုးဖြစ်တယ်လို့ သိရပါတယ်၊ ရပ်ကွက် ၇ ကဦးပန်းစိန်(ပလောင်တအာင်းလူမျိုး)ကို ကျောက်မဲမြို့ ရပ်ကွက်-၇ ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ်ခန့်ထားတယ်လို့ သိရပါတယ်။
နောက် ဦးစိုးနိုင်(ဗမာလူမျိုး)ကိုတော့ ကျောက်မဲမြို့အုပ်ချုပ်ရေးမှူး အနေနဲ့ ခန့်အပ်ခဲ့တာလို့ သိရပါတယ်။
ကျောက်မဲမြို့မြို့မိမြို့ဖအဖြစ် မင်းပေါက်စိုးပေါက် ၊ လူရိုသေ၊ ရှင်ရိုသေဖြစ်ပြီး ခေတ်အဆက်ဆက်မှာ ပရဟိတအသင်း၊ သာရေးနာရေးအသင်းတွေ ထူထောင်ဦးဆောင်ကာ စစ်ဘက်၊ နယ်ဘက်ကို အသက်စွန့်ကာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ သတ္တိပြောင်မြောက်စွာ ထူးထူးချွန်ချွန်ပူးသတ်နိုင်တဲ့အတွက် TNLAက ဂုဏ်ပြုကာ ဥက္ကဌနေရာတွေကို ခန့်အပ်ထားကြောင်း ထုတ်ပြန်တယ်လို့သိရပါတယ်။
“ကိုစိုးနိုင်က အရင်ငယ်စဉ်က ဘောကန်တယ်၊ သူ့အရပ်အခေါ်က ဘောကုလားတဲ့၊ အသက်က ၄၀ ကျော်ပြီ၊ အရင် ရပ်ကွက်ရာအိမ်မှူးလုပ်သေးတယ်၊ စစ်အာဏာသိမ်းတော့ ဆန္ဒပြရာက ထွက်ပြေးပြီး နမ္မတူမှာနေရာကနေ ခုပြန်ရောက်လာတာ၊ ဦးပန်းစိန်ကတော့ အရင်ကလဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးပဲ၊ ခု ပြန်ခန့်တာပါ”လို့ ကျောက်မဲမြို့ခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကျောက်မဲက အခြားရပ်ကွက်တွေ မှာတော့ ခန့်အပ် တာဝန်ပေးတာတွေ မရှိသေးဘူးလို့ သိရသလို TNLA အုပ်ချုပ်ရေး၊ တရားဥပဒေနဲ့ရဲတပ်ဖွဲ့ တွေ စီမံလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
TNLA အနေဖြင့် ၄င်းတို့ အခြားသိမ်းယူထိန်းချုပ်ထားတဲ့ နေရာတွေမှာ တပ်အုပ်ချုပ်ရေးနဲ့သာ ချုပ်ကိုင်ထားတာဖြစ်ပြီး အခုကျောက်မဲမြို့မှာ အရပ်သားတွဲဘက်အုပ်ချုပ်ရေးကို စတင်အကောင်အထည်ဖော်တာလို့သိရပေမယ့် TNLA ပြန်ကြားရေးကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။
TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၁ မှာ ရှမ်းပြည်မြောက်ပိုင်းက နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ နဲ့ မိုင်းငေ့ါ တို့ကို စစ်ကောင်စီထံက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ မှာတော့ နောင်ချို ကျောက်မဲ တို့ကို သိမ်းပိုက်နိုင်ခဲ့ကာ သီပေါကို တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
MK-012








