မဲခေါင်၊ ဩဂုတ် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ မန္တလေးမြို့ကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေ အားလုံး ဒီနေ့ ဩဂုတ် ၂၁ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းမယ်လို့ စုံစမ်းသိရပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့က ဗန်းမော်မြို့နဲ့ ၅ မိုင်ခန့်သာ ကွာဝေးတဲ့ မိုးမောက်မြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တပ်တွေ သိမ်းယူလိုက်တာကြောင့် စစ်ကောင်စီဖက်က ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ပိတ်သိမ်းလိုက်တာပဲ ဖြစ်ပါတယ်။
“တိုက်ပွဲအခြေအနေကြာင့် ပိတ်တယ်လို့ ကြားတယ်။ တိတိကျကျတော့ သူတို့ မပြောသေးဘူး။ အကုန်လုံး စိတ်ပျက်နေကြတယ်။ ကားလည်းမရ၊ လေကြောင်းလည်း ပိတ်ဆိုတော့လေ” လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။
ဗန်းမော် – မန္တလေးခရီးစဉ် သီးသန့်သာ ပိတ်ထားတာ ဖြစ်ပြီး တခြားခရီးစဉ်တွေ မသိရသေးသလို ဗန်းမော်လေဆိပ် တစ်ခုလုံး ပိတ်သိမ်းတာမျိုးလည်း မရှိသေးပါဘူး။
လေကြောင်းလိုင်းတွေဖက်က ခရီးသည်တွေကိုတော့ လက်မှတ်ပြန်အမ်းတာ၊ လေကြောင်းပြန်ဖွင့်တဲ့ အချိန်မှာ ပြန်လိုက်ပါနိုင်အောင် စီစဉ်ပေးတာတွေ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
အင်းတော်မြို့နယ်တွင်းမှာလည်း KIA နဲ့ စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေတာကြောင့် ဩဂုတ်လ ၁၂ ရက်နေ့ကတည်းက မန္တလေး – မြစ်ကြီးနားလမ်း အပါအဝင် စစ်ကိုင်းတိုင်း – ကချင်ပြည်အစပ် လမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး လက်ရှိမှာ ခရီးသည်တွေဖက်က လေကြောင်းရော၊ ကုန်းကြောင်းရော သွားလာလို့ မရတဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတဲ့ မတ်လ ၈ ရက်နေ့တုန်းကလည်း ဗန်းမော်လေဆိပ်ကို ၈ ရက်ကြာအထိ ပိတ်သိမ်းခဲ့ဖူးတယ်လို့ စုံစမ်း သိရပါတယ်။
MK-014








