မဲခေါင်၊ ဩဂုတ် ၂၀
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက သီးနှံစိုက်တောင်သူတွေ ယခုနှစ်အတွင်း သီးနှံစိုက်ပျိုးတာတွေလျော့နည်းလာတယ်လို့ စုံစမ်းသိရပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ မကြာခဏ ပျံဝဲလာတာကြောင့် တောင်သူတွေအတွက် စိုးရိမ်မှုရှိနေပြီး စိုက်ပျိုးရေး မလုပ်ကိုင်ရဲတော့တာပါ။
“တောင်ယာလုပ်နေတုန်း လေယာဉ်လာရင် တအားလန့်ရတယ်။ ထမင်းစားနေရင် ဆက်မစားနိုင်တော့ဘူး။ ဒီလိုအခြေအနေနဲ့ ဘယ်သူက စိုက်ရဲမလဲ။ အရင်နှစ်နဲ့စာရင် ခန့်မှန်းခြေ ၃၀ ရာခိုင်နှုန်းပဲ စိုက်ကြတော့တယ်” လို့ တောင်သူ တစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေအတွက် လေကြောင်းတိုက်ခိုက်မှု ကြုံလာရင် နောက်တစ်ကြိမ် ထပ်ပြီးတိမ်းရှောင်ရတဲ့အပြင် စိုက်ခင်းတွေလည်း ဗုံးဒဏ်တွေနဲ့အတူ ပျက်စီးကုန်တာကြောင့် စိုက်ပျိုးဖို့အတွက် စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် စိုက်ပြီးသား သီးနှံတချို့ဟာလည်း အထွက်နှုန်း ကောင်းပေမယ့် ဒီနှစ် မိုးရက်ဆက်ရွာသွန်းတာကြာင့် ပျက်စီးကုန်ပြီး ထပ်မံ စိုက်ပျိုးဖို့ကုန်ကျစရိတ်အတွက် ငွေအရင်းအနှီး ခက်ခဲနေတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ပြောင်း၊ စပါး၊ နှမ်း၊ မြေပဲ၊ မက်ခါသီးနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးကြပြီး ဒီနှစ်အတွက် ဒေသတွင်း စပါးစိုက်ပျိုးမှု နည်းတဲ့အပြင် မိုးဗြဲမြို့မှာလည်း စပါးခင်းတွေ ရေမြုပ်ကုန်တာကြောင့် လာမယ့်နှစ်အတွက် ဒေသဆန်ရရှိဖို့ ခက်ခဲနိုင်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ လွိုင်ကော်၊ ကန်ခုနှစ်ဆင့်နဲ့ ထီးပွင့်ကန်တို့က တိမ်းရှောင်လာသူ စုစုပေါင်း ၃ သောင်းနီးပါးခန့် နေထိုင်ကြပြီး ဒေသခံနဲ့ စစ်ဘေးရှောင်တို့ရဲ့ စိုက်ပျိုးဧကပေါင်း ၂ ထောင်နီးပါးရှိတယ်လို့ သိရပါတယ်။
MK-015








