မဲခေါင်၊ ဩဂုတ် ၁၄
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဒီတစ်ပတ်အတွင်း ပြန်လာကြတဲ့ စစ်ဘေးရှောင်တချို့နဲ့အတူ မြို့စည်ကားနေပြီး MNDAA ကလည်း ဈေးနဲ့အများပိုင်နေရာတွေကို လုံခြုံရေး ယူထားပေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့မှာ နေ့စဉ်နေ့တိုင်း မနက်အစောပိုင်းကတည်းက ဟင်းသီးဟင်းရွက်၊ အသားငါး၊ ဆေးပစ္စည်းနဲ့ လူသုံးကုန် ပစ္စည်းတွေ ရောင်းချနေပြီး ဆိုင်တန်း ၆၀ ရာခိုင်နှုန်းခန့် ပုံမှန်အတိုင်း ဖွင့်လှစ်ထားပြီလို့ ဆိုပါတယ်။
“လားရှိုးကျခါနီး သူခိုးတွေက ဓါးတွေနဲ့ ဝင်လာတယ်လေ။ ဗမာစစ်သား တချို့ကလည်း အရပ်ဝတ်နဲ့ ဓါးပြတိုက်တာတွေ ရှိတယ်။ အခုတော့ ကိုးကန့်တွေ ရှိတော့ မလာကြတော့ဘူး” လို့ မြို့သိမ်းတိုက်ပွဲအတွင်း လားရှိုးမြို့မှာ ကျန်ခဲ့တဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။
MNDAA ဘက်က ရပ်ကွက်တိုင်းကို လုံခြုံရေး ယူမပေးနိုင်ပေမယ့် ဖောက်ထွင်းနေတုန်း လက်ပူးလက်ကြပ် တွေ့ရှိတာ၊ ခိုးဖို့ ကြံစည်နေတဲ့ သူတွေကို သံသယရှိတာ၊ ဓါးပြတိုက်ခိုက်ရတာ စတဲ့ ဖြစ်ရပ်တွေ ကြုံရသူတိုင်း အထူးဒေသ ၁ ရဲစခန်းကို လာရောက် အကြောင်းကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လတ်တလောဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားပေမယ့် “ဝ”ဆက်ဆံရေးရုံး၊ အောင်အထူးကုဆေးရုံ၊ မာန်ဆူဘုရားကျောင်းရှေ့ စတဲ့နေရာတွေမှာတော့ မြို့ခံတွေ အသုံးပြုနိုင်ဖို့အတွက် Starlink အင်တာနက် တပ်ဆင်ထားပေးတယ်လို့ ဆိုပါတယ်။
“MNDAA က သတင်းလည်း အမှောင်မချဘူး၊ အင်တာနက်လည်း ပေးတယ်။ ဆေးလည်းကုပေးတယ်၊ လုံခြုံရေးလည်း ပေးတယ်” လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
လတ်တလော စက်သုံးဆီ ပြတ်လပ်နေပေမယ့် မှောင်ခိုရောင်းချတဲ့ ဆိုင်အနည်းငယ် ရှိသလို သိန္နီမြို့မှာလည်း ဈေးမှန်နဲ့ ဝယ်ယူနိုင်တာကြောင့် အဆင်ပြေနေတယ်လို့ သိရပါတယ်။
လတ်တလောမှာ နေ့စဉ်နေ့တိုင်း ပြန်လာကြတဲ့သူ ရှိနေပေမယ့် တချို့ကတော့ လေကြောင်း အန္တရာယ်ကြောင့် ဩဂုတ်လကုန်အထိ စောင့်ကြည့်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
MK-014












