မဲခေါင်၊ သြဂုတ် ၁၄
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုနဲ့ သီပေါ မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီး မနေ့ သြဂုတ် ၁၃ ရက် တစ်ရက်တည်းမှာ စစ်ကောင်စီက ဗုံး ၁၃၄ လုံး ကြဲခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာမှာ TNLA နဲ့ စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၂) တပ်၊ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅) တပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၀၆) တပ်ရင်းတို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အလားတူ သီပေါမြို့မှာလည်း ခလရ (၂၃) တပ်စခန်းနေရာမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနေတဲ့အပြင် တိုက်ပွဲမဖြစ်တဲ့ မန်တုံမြို့နယ်၊ မန်ဆာကျေးရွာကိုလည်း ဗုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီက နောင်ချိုမြို့နယ်တိုက်ပွဲမှာ ဂျက်ဖိုက်တာနဲ့ (၁) ကြိမ်၊ Y-12 နဲ့ (၁၁) ကြိမ်၊ စုစုပေါင်း ဗုံး (၈၅) လုံး၊ သီပေါမြို့နယ်တိုက်ပွဲမှာ ဂျက်ဖိုက်တာနဲ့ (၁) ကြိမ်၊ Y-12 နဲ့ (၈) ကြိမ်၊ စုစုပေါင်း ဗုံး (၄၄) လုံးနဲ့ တိုက်ပွဲမဖြစ်တဲ့ မန်တုံမြို့နယ်၊ မန်ဆာကျေးရွာကိုလည်း ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး (၁) လုံးအပါ ဗုံး (၅) လုံးနဲ့ အရပ်သားပြည်သူတွေကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေနဲ့ နောင်ချိုနဲ့ သီပေါတို့မှာ တိုက်ပွဲဖြစ်ပွားနေတာဟာ ၁ လနဲ့ ရက် ၂၀ တိုင်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူတာတွေကို ဆက်တိုက် ပြုလုပ်လာနေတာ ဖြစ်တဲ့အပြင် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ TNLA က သိမ်းပိုက်ထားနိုင်တဲ့ နမ့်ဆန်၊ ကွတ်ခိုင်နဲ့ မန်တုံမြို့တွေကိုပါ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။
MK-015








