မဲခေါင်၊ သြဂုတ် ၁၃
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က မနေ့ သြဂုတ် ၁၂ ရက်နေ့မှာညအချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားတပ်မတော် ( TNLA) က ဒီနေ့မနက်မှာ ထုတ်ပြန်လာပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကို မနေ့ သြဂုတ် ၁၂ ရက်နေ့ ည (၁၁း၄၁) မှာ တစ်ကြိမ်၊ (၁၁း၄၅) မှာ တစ်ကြိမ်၊ (၁၁း၅၁) မိနစ်မှာတစ်ကြိမ်နဲ့ စုစုပေါင်း (၃) ကြိမ်တိုင်၊ ဗုံး (၆) လုံး ကြဲချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဗုံးဟာ နမ့်ဆန်မြို့၊ မြို့လယ်ရပ်ကွက်မှာရှိတဲ့ EPC ရုံးအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ရုံးဝင်းထဲမှာရှိတဲ့ အသက် (၃၀) အရွယ် ဒေသခံ (၁) ဦး သေဆုံးသွားကာ (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် EPC ရုံးဝင်းအတွင်းမှာရှိတဲ့ ထရန်စဖော်မာစက်တွေ ထိခိုက်ပျက်စီးသွားပြီး အနီးဝန်းကျင်မှာရှိတဲ့ မြို့မဂိုဏ်းချုပ်ကျောင်းနဲ့ ဒေသခံနေအိမ်အဆောက်အဦး (၅) လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
အလားတူ သြဂုတ် (၆) ရက်နေ့တုန်းကလည်း စစ်ကောင်စီက ကွတ်ခိုင်မြို့ကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၆) ဦး သေဆုံးကာ၊ (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ ဆိုင်ခန်းပေါင်း (၄၀၀) ကျော်လည်း မီးလောင်ပျက်စီးသွားခဲ့ပါသေးတယ်။
MK-015










