မဲခေါင်၊ သြဂုတ် ၁၂
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ဇရပ်ကွင်းတပ်စခန်းကို မန္တလေး PDF က မနေ့ သြဂုတ် ၁၁ ရက်နေ့ မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒီနေ့မှာ ထုတ်ပြန်လာတဲ့အတွက် သပိတ်ကျင်းမြို့နယ်မှာ သိမ်းပိုက်နိုင်တဲ့ တပ်စခန်း စုစုပေါင်း ၉ ခုထိ ရှိသွားပြီပဲ ဖြစ်ပါတယ်။
သြဂုတ် ၉ ရက်နေ့မှာ ကွင်း (၃၀)ရွာ၊ လက်ပံပြန့်ရွာ၊ ဖိုကုန်း၊ ဝက်သေရွာနဲ့ ဖက်ရှည်ရွာတို့က တပ်စခန်း (၅) ခု၊ သြဂုတ် (၁၀) ရက်နေ့မှာ ကျောက်ဖြူရွာနဲ့ လိပ်ကျရွာ တို့က တပ်စခန်း (၂) ခု အပြင် ခလရ (၁၄၈) တပ်စခန်း တို့ကို သိမ်းပိုက်ထားနိုင်ခဲ့တာပါ။

“သပိတ်ကျင်းစစ်ဆင်ရေးတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို တောက်လျှောက်ပြုလုပ်နေပြီး စစ်ဆင်ရေးတွေကနေ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေကိုတော့ အသေးစိတ် ထုတ်ပြန်ပေးသွားဖို့ရှိပါတယ်” လို့ မန္တလေး PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။
ဆက်လက်ပြီး မန္တလေး PDF အနေနဲ့ သပိတ်ကျင်းမြို့နယ်အတွင်းက သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတဲ့အကြောင်းကို ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
လက်ရှိချိန်ထိ မန္တလေး PDF က သပိတ်ကျင်းမြို့နယ်ထဲက တပ်စခန်း (၉) ခုနဲ့ မတ္တရာမြို့နယ်အတွင်းက တပ်စခန်း (၃၅) ခုကို သိမ်းပိုက်ထားပြီး စဥ့်ကူးမြို့ကိုလည်း မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူတဲ့ မြို့အဖြစ် မှတ်တမ်းတင်ထားနိုင်ပါတယ်။
MK-015








