မဲခေါင်၊ ဩဂုတ် ၁၂
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ အရပ်သား အလောင်းတွေကို လူမှုကူညီရေးအသင်းတွေက မီးသဂြိုဟ်ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အလောင်းတွေဟာ ရပ်ကွက် ၁၂ ကဖြစ်ပြီး ပုတ်ပွကုန်တာကြောင့် အဝတ်အစား အနေအထားအရသာ ကျား/မ ခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။
“လမ်းမကြီးတစ်လျှောက် မြင်နေရတဲ့ အလောင်းတွေပဲ ကိုးကန့်က ရှင်းသွားတာ။ အဲမှာက တောင်လိုပုံနေတာလေ။ ရပ်ကွက်တွေထဲ ချောင်ဂလောင်တွေထဲကျ သူတို့မနိုင်တော့ဘူး” လို့ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
လူမှုကူညီရေး အသင်းတွေက တခြားကယ်ဆယ်ရေး အပိုင်းတွေမှာလည်း ပါဝင်နေတာကြောင့် အချိန်ပြည့် မစစ်ဆေးနိုင်တဲ့အတွက် အလောင်းရှိတဲ့ ရပ်ကွက်တွေကို သတင်းပေးကြဖို့ သူက ဆက်ပြောပါတယ်။
ကျန်ရှိနေသေးတဲ့ အလောင်းတွေဟာ ရပ်ကွက် ၁၀၊ နယ်မြေ ၈ နဲ့ ၁၀ တွင်းမှာ အများဆုံးဖြစ်ပြီး ပုတ်သိုးပုတ်ပွနေတာကြောင့် အမြန်ဆုံး လာရောက်သဂြိုဟ်ပေးကြဖို့လည်း ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
ကိုးကန့်တပ်မတော် (MNDAA)က လူအင်အား မနိုင်နင်းတော့တာကြောင့် လူမှုကူညီရေး အဖွဲ့တွေက သဂြိုဟ်ပေးရတဲ့ အလောင်းတွေဟာ ဒီနေ့ ဩဂုတ် ၁၂ ရက်နေ့အထိ ကျား ၁၂ဦး၊ မ ၇ ဦး စုစုပေါင်း ၁၉ လောင်းရှိပြီလို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
MK-014








