မဲခေါင်၊ သြဂုတ် ၁၀
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာ ယနေ့ သြဂုတ်လ ၁၀ ရက် မနက်ပိုင်းက TNLA နဲ့ PDF မဟာမိတ်တွေက စစ်ကောင်စီတပ်တွေကို လိုက်လံတိုက်ခိုက်နေတာမှာ မြို့ထဲကနေ မြို့ပြင်တပ်ရင်းနေရာကို ဆုတ်ခွါသွားတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းထားပြီး လက်နက်ချဖို့ ညှိနေတယ်လို့ သိရပါတယ်။
မနက်ခင်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ နေ့လယ် ၁၂ နာရီမှာ သီပေါတံတားနဲ့ စံဖိတ်မုခ်ဦးမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အားလုံး ခလရ-၂၃ တပ်ရင်းထဲ ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
“စစ်တပ်က မြို့ထဲက ထွက်သွားလို့ မြို့မပျက်နိုင်တော့ဘူး၊ မြို့ပြင် ခလရ-၂၃၊ ခမရ ၅၀၃၊ ၅၀၄ တွေ ဖက်ကို ဝိုင်းထားတယ်၊ လက်နက်ချဖို့ ညှိနေတယ်လို့တော့ကြားတယ်၊ ပထမတော့ လက်နက်ကြီးငယ်အသံကြားသေးတယ်၊ ခုညနေ ၄ နာရီမှာတော့ မကြားတော့ဘူး၊ လေယာဉ်သံတော့မကြားဘူး၊ လူထုထိခိုက်မှုလဲမကြားဘူး”လို့ သီပေါ တောင်မြို့ရပ်ကွက် ဒေသခံ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ထောင်ကလွတ်လာသူတွေကို စစ်ကောင်စီတပ်က ဆန်တွေ ပေးခဲ့တယ်သိရပြီး ရဲစခန်းနားနဲ့ ထောင်နားဝန်းကျင်မှာ သာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ခုချိန်မှာ မြို့တွင်း မစိုးရိမ်ရလို့ ပြည်သူတွေ စိုးရိမ်စိတ်တွေ လျော့နည်းနေကြတယ်လို့သိရပါတယ်။
သီပေါ မြို့သိမ်းတိုက်ပွဲရဲ့ စစ်ရေးစီမံချက်မှာ မြို့ပေါ် နဲ့ထောင်၊ တပ်ရင်းတွေလို့ အဆင့်တွေခွဲထားတာမှာ အခု မြို့ထဲနဲ့ထောင်ရရှိပြီးဖြစ်တဲ့အပြင် တပ်ရင်းတွေက ခံမချဘဲ လက်နက်ချပါက ရှမ်းမြောက်တိုက်ပွဲမှာ အသေအပျောက်အနည်းဆုံးရှိတဲ့မြို့အဖြစ် သတ်မှတ်ရမှာဖြစ်ပြီး နောက်ဆက်တွဲ လေကြောင်းတိုက်ခိုက်မှုသာရှိနိုင်တယ်လို့ စစ်ရေးသုံးသပ်သူတွေဆီက သိရပါတယ်။
လက်ရှိ ရှမ်းမြောက်မှာ တော်လှန်ရေးတပ်တွေ သီပေါကို ရပြီးရင် မူဆယ်မြို့သာ ကျန်ရှိနေပြီး မူဆယ်က စစ်တိုင်းမှူးသာ လက်နက်ချပါကရှမ်းမြောက် ၁ခုလုံး နီးပါး တော်လှန်ရေးတပ်တွေ လက်ထဲ ရောက်ရှိမှာဖြစ်ပါတယ်။
တိုက်ပွဲမဖြစ်ဘဲနဲ့ UWSA”ဝ”တပ်ဖွဲ့ တပ်စွဲထားတဲ့ တန့်ယန်းနဲ့ SSPP ရှမ်းတပ်ဖွဲ့ တပ်စွဲထားတဲ့ မိုင်းရယ်မြို့တွေကတော့ စစ်ကောင်စီနဲ့ ဘယ်လို ညှိနှိုင်းဆောင်ရွက်မယ် မသိရှိရသေးပါဘူး။
MK-012








