မဲခေါင်၊ သြဂုတ် ၁၀
ရှမ်းမြောက်မှာ MNDAA နဲ့တပ်ပေါင်းစုကို အညံ့ခံ ဆုံးရှုံးသွားခဲ့ရတဲ့ လားရှိုးမြို့ကို ပြန်တိုက်ဖို့ စစ်ခေါင်းဆောင်က ရှမ်းအရှေ့တပ်တွေကို အမိန့်ပေးထားပေမယ့် မူဆယ်အခြေပြု ရှမ်းမြောက်တိုင်းမှူးက မည်သည့် တုန့်ပြန်မှုမရှိသလို စစ်ကူသွားမယ့်တပ်တွေလည်း လှုပ်ရှားမှုမရှိဘူးလို့ သိရပါတယ်။
စစ်ခေါင်းဆောင်က ရှမ်းအရှေ့ မိုင်းတုံအခြေစိုက် အမှတ်-၆၀၀၃ သံချပ်ကာတပ်ရင်းက 150 mm တင်ထားတဲ့တင့်ကား ၈ စီးနဲ့ ကျိုင်းတုံက ၂ စီး ၊ တာဝေးပစ်အတွဲလိုက်ပစ်စင်တင်ယာဉ်တွေနဲ့ လားရှိုးကို ပြန်တိုက်သိမ်းယူဖို့ အမိန့်ပေးပေမယ့် အောက်ခြေတပ်တွေက မလှုပ်ဖူးလို့ ကရင်နီ ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဘက်ပြောင်းရေးအစီအမံ စီမံအုပ်ချုပ်ရေးကော်မတီ ညွန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က လူမှုကွန်ရက်မှာ ရေးသားထားတာတွေ့ရပါတယ်။
“ပြေးတဲ့သူတွေလဲ များတယ်၊ သေတာတွေလဲများတယ်၊ မိသားစုဝင်အများစုက ပျောက်ဆုံးလို့ပြောရင် လစာမရကြတော့ မြို့ထဲ ရှိတဲ့အလုပ်တွေ ထွက်လုပ်ကြရတာ၊ လစာမရတော့ စားစရာမရှိလို့ ရတာလုပ်ကြရတာ၊ ယောက်ျားသေရင်တောင် ဆွမ်းသွပ်ခွင့်ရဖို့အပြင် ပြန်ရင်လဲ စစ်သားမယားဆိုပြီး ရန်ပြုခံရမှာ ကြောက်တယ်၊ ကျမတို့ ကမ္ဘာပျက်နေပြီ၊ ကယ်မဲ့သူလဲမရှိဘူး၊ လင့်မျက်နှာတစ်ရွာထင်ပြီး နေနေကြရတာက ခုတော့ ဘယ်လိုအသက်ဆက်ရှင်ရမှန်းကို မသိတော့ဘူး”လို့ မိုင်းတုံ တပ်မိသားစုဝင် ၁ဦးက ပြောပါတယ်။
အောက်ခြေမြေပြင်မှာတော့ မိုင်းတုံက တင့်ကားတွေဟာ အရင်ကလို မြို့ထဲ စက်စမ်းလှည့်လည်တာတောင်မရှိဘူးလို့ သိရပြီး ရှမ်းအရှေ့ကတွဲဘက်သွားတဲ့ တပ်ရင်းအသီးသီးက အကျအဆုံးများလို့ တပ်တွင်းဆွမ်းသွပ်တာတွေ မပြတ်လုပ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မျူးချုပ်စိုးလင်းကို မြောက်ပိုင်းမဟာမိတ်တပ်တွေက လက်နက်ချဖို့ ဖုန်းနဲ့ဆက်သွယ်ပြောကြားခဲ့သလို အချိန်ပေးကာ စောင့်ကြည့်စစ်ပြင်နေပြီး မူဆယ်ဒေသခံတွေကလည်း လူသေ၊ မြို့ကျေ မဖြစ်ရအောင် လက်နက်ချဖို့ ဆန္ဒပေးနေကြတယ်လို့သိရပေမယ့် ခုချိန်ထိ စစ်ကောင်စီတိုင်းမှူးဘက် တုန့်ပြန်ချက်မရှိသေးဘူးလို့ သိရပါတယ်။
MK-012








