မဲခေါင်၊ သြဂုတ် ၆
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့က စစ်ကောင်စီတပ်ရင်းတွေကို TNLA နဲ့ မဟာမိတ်တပ်တွေက မနေ့ သြဂုတ်လ ၅ ရက် ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီလို့ စစ်ရေးနဲ့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ကျောက်မဲမှာ မနေ့ ဩဂုတ်လ ၅ရက်က တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းက အပြင်းအထန်ဗုံးကြဲနေတဲ့ကြားက ည ၁၀ နာရီဝန်းကျင်ခန့်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ကျောက်မဲမြို့ ရပ်ကွက် ၂ ဒေသခံ တစ်ဦးက ပြောပါတယ်။


“တပ်တွေ ကျသွားပြီလို့ သိရတယ်။ အရပ်သားတွေဆိုတော့ အပြင်မထွက်ရဲဘူးလေ၊ ညကတော့ လေယာဉ်နဲ့ ဝဲနေတာ ၁နာရီကျော်မှာဗုံးကြဲ ၄ ကြိမ်”လို့ သူကပြောပါတယ်။
ကျောက်မဲမှာ စစ်ကောင်စီရဲ့ စကခ-၁၊ ခမရ ၅၀၁ နဲ့ ၅၀၂ တပ်ရင်းတွေရှိကြပြီး အဲဒီတပ်တွေကို သိမ်းပိုက်ရရှိတာခဲ့လို့သိရပေမယ့်TNLA က တော့ သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
ကျောက်မဲမြို့က ခမရ ၅၀၁ နဲ့ ၅၀၂ တပ်ရင်းတွေအပါအဝင် စစ်ကောင်စီတပ်တွေအားလုံးကို TNLA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက အပြီးသတ်သိမ်းယူလိုက်ပြီလို့ TNLA တပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကလည်း မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကျောက်မဲမြို့မှာ နေရပ်ပြန်သူ များပြားလာနေပေမယ့် အလုပ်အကိုင်၊ အရောင်းအဝယ်နည်းပါးနေသလို ကုန်စျေးနှုန်းကလည်း ဓာတ်ဆီ ၁ လီတာ ၇၀၀၀ ကျပ်၊ ဒေသဆန် ၁ပြည် ၄၅၀၀ နဲ့ ဗမာဆန် ၁ ပြည် ၅၀၀၀ ကနေ ၇၀၀၀ ရှိနေတာဖြစ်ပြီး ဖုန်းလိုင်းမှာCDMA 450 နဲ့ 800 တွေအများစုသာ ရရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း အရပ်သား ပြည်သူ ၄၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီသူတွေထံက သိရပါတယ်။
ဇွန်လ ၂၅ ရက်က စတင်ခဲ့တဲ့ ရှမ်းမြောက်မြို့တွေတိုက်ပွဲမှာ TNLA နဲ့မဟာမိတ်တွေ ဟာ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်၊ စဉ့်ကူး တို့ကိုရရှိခဲ့ပြီးတဲ့နောက်မှာ ကျောက်မဲမြို့ကို ယခု သြဂုတ်လ ၅ ရက်မှာ ရရှိခဲ့တာဖြစ်ပါတယ်။
TNLA နဲ့အတူ ကျောက်မဲခရိုင် အထူးတပ်ဖွဲ့၊ NK PDF ၊ မိုးကုတ်ဗျူဟာတပ်ရင်းတွေ၊ ဓနု PDF ၊ မန္တလေး PDF တပ်တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၃ ရက် မှာ လားရှိုး ရမခ ကျပြီးနောက် အခု ကျောက်မဲက စကခ-၁ ထပ်မံကျရှုံးတာဖြစ်ပါတယ်။
MK – 012








