မဲခေါင်၊ သြဂုတ် ၅
လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မှ အရာရှိကြီးတွေ ဖမ်းဆီးခံရတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဒီနေ့မှာ ဝန်ခံပြောကြားလိုက်ပါတယ်။
MNDAA နဲ့ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်ခဲ့တဲ့ ရမခမှ အရာရှိကြီးတွေနဲ့ ဇူလိုင် ၃ ရက် ညနေပိုင်းအထိ အဆက်အသွယ်ရရှိခဲ့ပြီး ဒီနေ့အထိ အဆက်အသွယ်မရရှိခဲ့ဘဲ နောက်ဆုံးသတင်းတွေအရ တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ ဇော်မင်းထွန်းက ဝန်ခံပြောကြားပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ အရာရှိစာရင်းနဲ့ ရာထူးအဆင့်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါ။ ထို့အတူ ရမခ ကျဆုံးကြောင်းကိုလည်း ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခြင်း မရှိသေးပါ။
ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူချုပ်မျိုးမင်းထွေး၊ ရမခ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ ၃ ဦးကို ကိုးကန့်တပ် MNDAA က အရှင်လက်ရ ဖမ်းမိထားတာရှိတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က မဲခေါင်သတင်းဌာနကို မနေ့က ပြောကြားထားပါတယ်။
MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရမခ တိုင်းစစ်ဌာနချုပ်အတွင်း ဖမ်းဆီးခံရတဲ့ အရာရှိတွေ များစွာရှိတယ်လို့ မြေပြင်သတင်းတွေအရ သိရပြီး MNDAA ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါ။
စစ်ကောင်စီဘက်တောသားတွေ ဂုဏ်ယူပြောကြားလေ့ရှိတဲ့ ရမခ ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇူလိုင် ၃ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာ သြဂုတ် ၃ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာပါ။
စစ်တိုင်းဌာနကြီးတစ်ခု သိမ်းပိုက်ခံလိုက်မှုနဲ့ စစ်တိုင်းမှူးတစ်ဦးအပါ အရာရှိကြီးတွေ ဖမ်းဆီးခံရမှုဟာ စစ်တပ်သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။








