မဲခေါင် ၊ သြဂုတ် ၂
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်း တိုက်ဖျက်ရေးတို့အတွက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု – Southern Shan Local Revolution Union(S.S.L.R.U) က တိုက်ခိုက်ရေး ရဲဘော်များကို ၂၀၂၄ ဇူလိုင် ၃၁ ရက်က စတင်ခေါ်ယူလိုက်ပါတယ်။
လက်နက်ကိုင်တိုက်ခိုက်ရေးလမ်းစဉ်မှာ ပါဝင်လိုတဲ့ ရဲဘော်တွေလိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့သူတွေကို စိစစ်ခေါ်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။
လိုအပ်တဲ့အခြေခံအချက်တွေကတော့ အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ကာ ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့သူဖြစ်ရမယ်လို့ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးပြီးတဲ့ အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ကာ တပ်ဖွဲ့ရဲ့ မူဝါဒနဲ့ ချမှတ်ထားတဲ့ နည်းဥပဒေတွေကို လိုက်နာနိုင်ရမယ်လို့ ပြောဆိုပါတယ်။
စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တဲ့ ၂ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ (S.S.L.R.U) အနေနဲ့ ကရင်နီဒေသမှာ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဗဟိုကော်မတီဝင် စိုင်းပန်ဖကပြောပါတယ်။
“ကိုယ့်နိုင်ငံကိုယ့်ပြည်နယ်အရေးကို ကိုယ်ကိုတိုင်တိုက်ပွဲဝင်အနိုင်ယူရမှာမို့ ဘယ်သူဘယ်ဝါမှအားကိုးမျှော်လင့်မနေပဲ နိုင်ရာဝန်ထမ်းဖို့ ကျွန်တော်တို့ကြိုဆိုနေပါကြောင်းပြောလိုပါတယ်”လို့ပြောပါတယ်။
အခုလိုခေါ်ယူမှုက ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ အရင်ကအခြေခံစစ်သင်တန်းတွေပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။
CJ- 015











