မဲခေါင်၊ ဇူလိုင်လ ၂၂
ရှမ်းမြောက်က တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် မြို့တွေမှာ နှစ်ပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် အရပ်သားပြည်သူ ၄၆ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရကာ အဆောက်အဦး ၁၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) က ယနေ့ ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ကျောက်မဲနဲ့ သီပေါမြို့ တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ကောင်စီက လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇွန်လ ၁၉ ရက်ကနေ ဇူလိုင်လ ၄ ရက် အချိန်ကာလ ၂ ပတ်အတွင်း သေဆုံးမှုနဲ့ အဆောက်အဦး ပျက်စီးမှုတွေကို ကောက်ယူခဲ့တဲ့ အချက်အလက်တွေဖြစ်တယ်လို့ သိရပါတယ်။
“အခုလို ထိခိုက်သေဆုံးမှုနဲ့ အဆောက်အဦး ပျက်စီးမှုတွေကို အများပြည်သူတွေ သိရှိနိုင်အောင် ထုတ်ပြန်ရတာဖြစ်ပါတယ်”လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က နန်းမွေ့ခမ်းက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီက ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ အလားတူစွာ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်ရှိ မြို့တွေကို သေဆုံးထိခိုက်မှုများစေတဲ့ ပေါင် ၅၀၀ ဗုံးတွေ အပါအဝင် လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေကို မြို့ရွာတွေအပေါ် ပစ်မှတ်ထားလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားတာပါ။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေအတွင်း နောင်ချိုမြို့နယ်က ဆမ္မဆယ်ကျေးရွာ၊ ချိုခမ်းဘုန်းကြီးကျောင်း၊ ဘူတာရပ်၊ စျေးရပ်၊ ကျောက်ကြမ်း၊ အုမ္မသီး၊ ခိုင်းမွန်၊ ကံကော် ကျေးရွာတွေကို အဓိက ထိခိုက်ခဲ့တာဖြစ်ပြီး ကျောက်မဲမြို့နယ်က တောင်နီ၊ ပိန်းအင်၊ပန်ပေါင်ရွာ၊ လုံဝိုင်ရွာ၊ စခန်းသာ၊ နားအိုက်ခန့်ရွာ၊ ၂ မိုင်ကုန်း(နတ်တောင်)၊ ငြိမ်းချမ်းရေးကုန်း၊ ရပ်ကွက်-၁/၂/၃/၄/၇/၈/၉၊ တောင်နောက်ကျေးရွာ၊ အင်ကြင်းတောင်၊ ပန်ဟတ်ရွာ၊ တော့ဆန်ရွာ၊ ခိုမုန်းရွာနဲ့ သီပေါမြို့နယ်က ပန်းတိမ်(တောင်)ရပ်ကွက် တို့မှာ အရပ်သားပြည်သူတွေ သေကြေ ထိခိုက်ဒဏ်ရာပြီး ပြည်သူ့နေအိမ်တွေပျက်စီးခဲ့ရတာလို့ ပါရှိပါတယ်။
MK-012








