မဲခေါင်၊ ဇူလိုင် ၁၈
ရှမ်းမြောက် နမ့်ခမ်းမြို့နယ်အတွင်းကTNLA ထိန်းချုပ်ထားတဲ့ “နောင်တောင်း”ကုန်သွယ်ရေးဂိတ်ကို ဇူလိုင်လ ၁၈ ရက် မနက်ပိုင်းကစပြီး တရုတ်ဘက်က စတင်ပိတ်လိုက်တယ်လို့ သိရပါတယ်။
“မနေ့က အထိ ဖွင့်ထားသေးတယ်၊ ဒီနေ့ မနက်မှာ ပိတ်လိုက်တယ်သိရတယ်၊ အဝင်အထွက် လုပ်မရတော့ဘူး၊ မီးသွေးကားတွေအကုန် ရပ်ကုန်ပြီ”လို့ နမ့်ခမ်းက ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာန ပြောပါတယ်။
မြန်မာဘက်က MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင် ချင်းရွှေဟော်နယ်စပ်ဂိတ်၊ မူဆယ်မြို့နယ်က ပန်ဆိုင်းနဲ့ ကျင်စန်းကျော့ ဂိတ်တွေကို လားရှိုးကို MNDAA စတိုက်တဲ့ ဇူလိုင်လ ၃ ရက်ကတည်းက တရုတ်ဘက်က ပိတ်ထားခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ TNLA ထိန်းချုပ်တဲ့ နမ့်ခမ်းက နောင်တောင်းဂိတ်ကိုပါ ပိတ်လိုက်တာဖြစ်ပါတယ်။
လောက်ကိုင်ဘက်မှာတော့ နယ်စပ်ဂိတ်တွေပိတ်တဲ့အပြင် ဖုန်းနဲ့ အင်တာနက်လိုင်းတွေကိုပါ တရုတ်ဘက်က ဖြတ်တောက်လိုက်တယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်ကောင်စီကတပ်မ-၉၉ ထိန်းချုပ်ထားတဲ့ မူဆယ်က ဂိတ်တွေကိုပဲ တရုတ်ဘက်က ဖွင့်ထားတာဖြစ်ပါတယ်။
ခုလို တရုတ်နိုင်ငံက MNDAA နဲ့ TNLA တို့ ထိန်းချုပ်တဲ့ ဂိတ်တွေကို ပိတ်လိုက်တာဟာ နိုင်ငံရေးပိုင်းဆိုင်ရာ အဆင်မပြေမှုကို တရုတ်နိုင်ငံရဲ့ သဘောထားအနေနဲ့ ဂိတ်တွေပိတ်ပြီး ပြသလိုက်တာလို့ နိုင်ငံရေးနဲ့စစ်ရေးအကဲခတ်သမားတွေက သုံးသပ်ကြတာ သိရပါတယ်။
MK-012








