မဲခေါင်၊ ဇူလိုင် ၁၅
ရှမ်းမြောက်၊ TNLA တပ်မဟာ ၃ နယ်မြေ၊ မိုးမိတ်မြို့တွင်းကို TNLA နဲ့ ပူပေါင်းတပ်တွေက ဒီကနေ့မှာ အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ မြေပြင် စစ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“မိုးမိတ်တပ်တွေက အကုန်မြို့ပြင်မှာ ကပ်လျက်ရှိနေတာ။ မြို့ထဲမှာတော့ ဘာမှ(စစ်ကောင်စီ အစိုးရဌာနတွေ)မရှိတော့ဘူး။ လက်ရှိ မိုးမိတ်ဗျူဟာ တစ်ခုပဲကျန်တယ်။ အဲ့တာကို တိုက်နေဆဲပဲ” လို့ မြေပြင်စစ်သတင််းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။
မိုးမိတ်ဗျူဟာ လက်အောက်ခံတပ်တွေဖြစ်တဲ့ စကခ-၂၁၊ ခလရ-၂၂၃ တို့ကို တအာင်းတပ်မတော် TNLA၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံPDF ပူးပေါင်းတပ်ဖွဲ့ ၃ ဖွဲ့တို့ တိုက်ခိုက်ခဲ့ပြီး တောင်ကုန်းဘုန်းကြီးကျောင်းအနီးတဝိုက်က စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၇၆တို့ကိုတော့ TNLA နဲ့ PLA က ဒီကနေ့မှာ သိမ်းယူထားနိုင်တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ချက်အပေါ် မူတည်ပြီး သိရပါတယ်။


အင်အားအကြီးဆုံး ကျန်တဲ့ မိုးမိတ်ဗျူဟာကိုတော့ အခုထိ တိုက်ခိုက်သိမ်းယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ၂ ဘက် ထိခိုက်ကျဆုံးမှု ကိုတော့ အတိအကျမသိရသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ၊ ရက်ပေါင်း ၂၁ ရက်အတွင်း မိုးမိတ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် တိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ TNLA ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
CJ-001








