မဲခေါင်၊ ဇူလိုင် ၁၀
အသစ်ဝင်ရောက်လာတဲ့ လူသစ်တွေကို စစ်သင်တန်းပေးပြီးနောက် သင်တန်းဆင်းဖို့အတွက် ယူနီဖောင်းတွေ လိုအပ်နေတယ်လို့ Loikaw Local PDF က ပြောပါတယ်။
လွိုင်ကော် Local PDF က အပတ်စဥ် (၁) သင်တန်းဆင်းမှာြဖစ်ပြီး ယူနီဖောင်း ၄၅ စုံလိုအပ်နေတယ်လို့ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။
“သင်တန်းဆင်းတဲ့အခါ စစ်ဝတ်စုံကိုယ်စီနဲ့ ဆင်းဖို့ကြိုးစားနေတယ်။ ထောက်ပံ့တာ အားနည်းတော့ လိုအပ်ချက်တွေ ရှိနေလို့ပါ” လို့ ကိုလင်းလင်းက ပြောပါတယ်။
ယခု စစ်သင်တန်းဆင်းမယ့်သူတွေဟာ လွိုင်ကော်ဒေသခံအများစုဖြစ်ကြပြီး စစ်မှုထမ်းဥပဒေကြောင့် ဝင်လာသူတွေလည်း အနည်းငယ်ပါဝင်တယ်လို့ ဆိုပါတယ်။

သင်တန်းအတွင်း စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေ၊ စစ်နည်းဗျူဟာတွေ၊ စည်းကမ်းရှိမှုနဲ့ အမိန့်နာခံမှုတွေကို အချိန်အများကြီးမရတဲ့ကြားက ပေးခဲ့တာလို့ သိရပါတယ်။
လွိုင်ကော်မြို့ ပြန်လည်ပတ်ရန်အတွက် စစ်ကောင်စီက ကြိုးစားနေပြီး ကရင်နီတော်လှန်ရေးတပ်တွေဟာလည်း စောင့်ကြည့်နေတဲ့ အနေအထားမှာရှိတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့မှ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ချိန်မှာလည်း ဒီသင်တန်းဆင်းမယ့်သူတွေ ပါဝင်လာနိုင်တယ်လို့လည်း ဆိုပါတယ်။










