မဲခေါင်၊ ဇူလိုင် ၈
ရဟတ်ယာဉ်ကွင်းမှာ စစ်ကောင်စီရဟတ်ယာဉ်က လူတင်နေစဉ် ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ရုပ်သံဟာ လားရှိုးအခြေစိုက်၊ ရမခ စစ်တိုင်းအတွင်းကမိသားစုတွေကို ခေါ်ထုတ်တဲ့ ရဟတ်ယာဉ်ဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဒီနေ့ ဇူလိုင်လ ၈ ရက် နေ့လည်ပိုင်းမှာ ရမခတိုင်းထဲက ရဟတ်ယာဉ်ကွင်းမှာ ရဟတ်ယာဉ်ပေါ်ကို လူတွေတင်နေစဉ် ရဟတ်ယာဉ်အနီး ဒရုန်းဗုံးပေါက်ကွဲပြီးနောက် စစ်ရဟတ်ယာဉ် ချက်ချင်းပျံတက်သွားတာတာကိုမြင်တွေ့ရသလို မြေပြင်သတင်းအရ ထိခိုက်ဒဏ်ရာသူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
ကိုးကန့်တပ် – MNDAA ဟာ ဒရုန်းတွေအများအပြားနဲ့ လားရှိုးမှာ စစ်ဆင်ရေးလုပ်နေပြီး စစ်သုံးမြေပုံ ဂရစ်ကွက်နဲ့တကွက်ကို ဒရုန်း ၅၀ စင်းလောက် ရှိနိုင်ပြီး ရမခ တိုင်းရုံး၊ အထက်မန်အိုင်နဲ့ ဆင်တောင်ဘက်ပစ်မှတ် ၃ ခုကို အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံတွေထံက သိရပါတယ်။



ရမခ စစ်တိုင်းရုံးဝန်းအတွင်း စားရိပ်သာကို ဇူလိုင်လ ၄ ရက်က ရှော့တိုက်ဒုံး ၁ လုံးကျရောက်ပေါက်ကွဲလို့ ၂ ဦးသေပြီးနောက် အခု ရဟတ်ယာဉ်တိုက်ခိုက်ခံရမှုဟာ စစ်ကောင်စီအတွက် အထိအနာဆုံးဖြစ်မယ်လို့ စစ်သတင်းအရင်းအမြစ်တွေက ပြောကြပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ ခလရ-၂၉၁ နမ့်ပေါင်ကျသွားပြီးနောက် ရမခတိုင်းထဲကနေ အပြင်းအထန်ခုခံနေသလို မန်ဆူစေတီကုန်းက အကဲကြည့်ကင်းနဲ့ သာသနာ ၂၅၀၀ ကုန်းတွေပေါ်မှာ လက်နက်ကြီးတွေတင်ထားပြီး ပတ်ပတ်လည်မှာ မိုင်းတွေခင်းကာ စနိုက်ပါတွေနဲ့ပါ ပစ်ခတ်နေတယ်လို့သိရပါတယ်။
ခလရ-၂၉၁ တပ်ဆုတ်ခွာမှုဖြစ်စဉ်မှာ တပ်ရေးနဲ့တပ်ထောက်အရာရှိ ၂ ဦးက ကိုယ်လွတ်ရုန်းသွားတာဖြစ်ပြီး ဌာနချုပ်တပ််ခွဲမှူးက ခလရ-၆၇ ဘက် ဆုတ်ခွာခဲ့တယ်လို့ စစ်ရေးအတွင်းသတင်းအရ သိရပါတယ်။
ဒီနေ့မှာ လားရှိုးမြို့နယ်အတွင်းမှာရှိတဲ့ ၁၂ ရပ်ကွက်ထဲက ရပ်ကွက် ၉၊ ရပ်ကွက် ၅နဲ့ ရပ်ကွက် ၄ တို့မှာ နှစ်ဖက်ပစ်ခတ်တဲ့ ကျည်ပေါက်ကွဲမှုတွေရှိနေပြီး နေ့လယ်ပိုင်းက ရပ်ကွက် ၉ ထဲ ကျရောက်ပေါက်ကွဲလို့ အရပ်သား ပြည်သူ၄ ဦးထိခိုက်တယ်ကာ ၁ ဦးသေဆုံးတယ်လို့ သိရပါတယ်။
MK – 012








