မဲခေါင်၊ ဇူလိုင် ၅
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးထံက သိရပါတယ်။
ယနေ့ ဇူလိုင်လ ၅ ရက် မနက် ၁း၃၀ နာရီအချိန်မှာ ကွတ်ခိုင်မြို့ရဲ့ ရင်ခွဲတောင် အတက်မှာရှိတဲ့ ကျွဲ၊ နွားကား ဆေးထိုးရာ ဇုံ(နွားခြံ)ကိုစစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တာလို့ သိရပါတယ်။
အဆိုပါ နေရာမှာ ကွတ်ခိုင်-ကာလိုင် လမ်းခွဲတွင်ရှိပြီး MNDAA အထူးတပ်ဖွဲ့ဝင်တွေ စခန်းချတဲ့နေရာလို့ သိရကာ အနားမှာ TNLA စစ်ဆေးရေး စခန်းရှိတယ်လို့ သိရပါတယ်။
ဗုံးကြဲချမှုကြောင့် MNDAA တပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ သိရပြီး မဲခေါင်သတင်းဌာနအနေနဲ့ အသေးစိတ်ကို ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ ယမန်နေ့ကလည်း MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့က ရဲစခန်းနေရာကို လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲခဲ့တာရှိလို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကမြို့တွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်နေတာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ တိုက်စစ်ကို ဟန့်စစ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့မြို့တွေကို တိုက်ခိုက်နေတာလို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်နေပြီး ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကွတ်ခိုင်၊ လောက်ကိုင်၊ ကွမ်းလုံ စတဲ့မြို့တွေအပြင် နမ့်ခမ်းမြို့တွေလဲ အန္တရာယ်ရှိနေလို့ ပြည်သူတွေ အထူးသတိထားဖို့လိုတယ်လို့ ပြောဆိုနေကြပါတယ်။
လက်ရှိမှာ TNLA၊ MNDAA တပ်တွေဟာ PDF တွေနဲ့ပူးပေါင်းပြီး လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ် မြို့တွေကို ဇွန်လ ၂၅ ရက် နေ့ကစပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။
MK-012








