မဲခေါင်၊ ဇူလိုင် ၅
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေပြီး လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေအတွက် စားဝတ်နေရေး ကြပ်တည်းလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇွန်လ ၂၅ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း မိုးကုတ်မြို့ဝင်တဲ့ လမ်းတစ်လျှောက်မှာ တိုက်ပွဲ ဖြစ်ပွားနေပြီး ကုန်စည်မဝင်နိုင်တော့တာကြောင့် အခုလို ဈေးတက်ရတာလို့ သိရတယ်။
“ဈေးတက်လို့ ဘယ်သူမှမဝယ်ပဲ ချေမိုးရအောင်လည်း စားဖို့က လိုသေးတယ်။ ဆန်ပြုတ်ပဲ သောက်နေလိုက်ကြပါတော့” လို့ မြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လက်ရှိ မိုးကုတ်မြို့မှာ စားအုန်းဆီ တစ်ပိဿာ ၅ သောင်းကျပ်၊ ဆန်ကြမ်း တစ်ပြည် ၃ သောင်းကျပ်၊ ကြက်ဉတစ်လုံး ထောင့်ငါးရာကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁ သောင်းခွဲကျပ်၊ အာလူး တစ်ပိဿာ ၂ သောင်းကျပ်နီးပါး၊ မုန်ညှင်းတစ်စီး ၄ ထောင်ကျပ် အသီးသီး ပေါက်ဈေး ရှိနေပြီး လိုသလောက်လည်း ဝယ်လို့မရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဆန်ဆိုင်တချို့က ဆန်ကို အများအပြား သိုလှောင်ထားကာ ဝယ်ယူသူတွေကို ရောင်းချမပေးပဲ ဈေးတက်ချိန် စောင့်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“တက်ရောင်းတဲ့ ဆိုင်တွေ မှတ်ထားရမယ်။ သွားဝယ်ရင် မရှိဘူးတဲ့။ ဈေးကြီးထဲက ဆိုင်တချို့လည်း တအားတက်ရောင်းနေတာ။ ကျမတို့ဆိုင်မှာတော့ ဈေးအများကြီး မတက်ဘဲ တစ်ယောက်စီ အကန့်အသတ်နဲ့ ရောင်းပေးနေတယ်” လို့ ဈေးသည် တစ်ဦးက ပြောပါတယ်။
ဆန်ကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးနေတဲ့ ဆိုင်တွေ ရှိပေမယ့် လိုသလောက် မရသလို အချိန်တော်တော် ကြာတဲ့အထိ တန်းစီစောင့်ဆိုင်းရတာကြောင့် မြို့ခံတွေအတွက် အလုပ်ချိန် ထိခိုက်တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး Mytel တစ်မျိုးသာ အသုံးပြုလို့ ရတာကြောင့် Mytel ဆင်းကတ်တွေ အလုအယက် ဝယ်ယူနေကြပြီး ငွေကျပ် သိန်းကျော်အထိ ပေါက်ဈေးရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
MK-014











