မဲခေါင်၊ ဇွန် ၂၈
ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ဦးဆောင်မှုနဲ့အတူ မဟာမိတ်တပ်တွေက စစ်ကောင်စီရဲ့ စခန်း ၂၈ ခုထိ သိမ်းပိုက်ထားနိုင်ပြီလို့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ထားပါတယ်။
သီပေါ၊ ကျောက်မဲ၊ မိုးမိတ်၊ နောင်ချိုနဲ့ မိုးကုတ်မြို့တို့မှာ တစ်ပြိုင်နက် စစ်ရေးဖော်ဆောင်နေတာဖြစ်ပြီး ၃ ရက်တာအတွင်း စစ်ကောင်စီဘက်က လက်နက်ချအညံ့ခံသူ ၅၀ ထက်မနည်းရှိပြီလို့ ဆိုပါတယ်။
ကျောက်မဲမြို့နယ်မှာ နားအိုက်ခန့်၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ ခိုရောင်းစခန်း၊ အမှတ်(၃၅၂) အမြှောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ခမရ(၁၁၅)၊ ရွှေညောင်ပင်၊ အုမ္မတီးစခန်းတွေအပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေဖြစ်တဲ့ ထွေအုပ်ရုံး၊ ရဲစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ဂေါက်ကွင်းအထက် တို့ကို သိမ်းပိုက်ရရှိထားတယ်လို့ TNLA တာဝန်ရှိသူတွေက ပြောပါတယ်။
လတ်တလောမှာတော့ ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၀၁၊ ၅၀၂ စခန်း ၂ ခုသာ သိမ်းပိုက်ဖို့ကျန်ရှိပြီး အဲ့ဒီစခန်း ၂ ခုကိုသာ ရရှိပြီးရင်တော့ ကျောက်မဲမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ ဆိုပါတယ်။
အလားတူ မိုးကုတ်မြို့နယ်မှာ ဒေါ်နန်းကြည်တောင်၊ ဗျူဟာစခန်းကုန်း၊ ရွာသာစခန်း၊ ၆ မိုင်၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်းတို့ကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်စုံမျိုးစုံ ၅၁ လက်၊ RPG 7 ၁ လက်၊ ၆၀ မမ ၁ လက်၊ စက်လတ် ၁ လက်၊ ဒရုန်းကာကွယ်တဲ့ ဂျမ်ဘာ ၁ စုံ၊ စစ်ကား ၂ စီးနဲ့ ဆက်သွယ်ရေးနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တဲ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ အလောင်း ၂၀ ကျော်ကိုလည်း ရရှိထားပါတယ်။
နောင်ချိုမြို့မှာလည်း စစ်ကောင်စီရဲ့ ၁၁၄ စခန်း ၁ ခုသာ သိမ်းပိုက်ရန်ကျန်ရှိပြီး ခမရ ၁၁၅ စခန်း၊ ကျောက်ကြမ်းတပ်မ ၃၃ စခန်း၊ အုမ္မတီးစခန်း၊ ခဲမွန်စခန်း၊ ကံ့ကော်စခန်း၊ ၆၀၆ စခန်းတို့ကို TNLA က သိမ်းပိုက်ထားနိုင်ပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
သီပေါမြို့မှာကတော့ ဇွန်လ ၂၅ ရက်နေ့ ဆွန်လုံရွာမှာ TNLA နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားပြီးကတည်းက ပစ်ခတ်မှုတွေငြိမ်သက်နေပေမယ့် စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် သီပေါနဲ့ လားရှိူးကြားက ပန်ဆောက်တံတားဟာ ပြိုကျပျက်စီးသွားပြီး ဒေသခံတွေတိမ်းရှောင်ဖို့ အခက်တွေ့နေပါတယ်။
ဒါ့အပြင် မိုးမိတ်မြို့နယ်မှာလည်း TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး TNLA ဘက်က အသေးစိတ်ထုတ်ပြန်တာမျိုး မရှိသေးသလို မဲခေါင်သတင်းဌာနအနေနဲ့လည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်။
MK-015







