မဲခေါင်၊ ဇွန် ၂၆
ရှမ်းမြောက် ကျောက်မဲမြို့ကို ယနေ့နေ့လည် ၂ နာရီထိ ရရှိခဲ့တဲ့ မြေပြင်သတင်းအရ ကျောက်မဲရဲစခန်းနဲ့ ဌာနဆိုင်ရာတွေကို TNLA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီလို့ သိရပါတယ်။
TNLA ရဲ့ထုတ်ပြန်ချက်မှာ ယနေ့မနက် ၅း၄၇ အချိန် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းကို စတင်တိုက်ခဲ့တာဖြစ်ပြီး စစ်တပ်သုံး Jammer စက်တွေပါ သယ်ပြောင်းရွှေ့နေပြီလို့သိရပါတယ်။
စစ်တပ်နဲ့ ရဲခြေကုတ်ယူထားတဲ့ ကျောက်မဲမြို့မရဲစခန်းကို ယနေ့မနက် ၁၀ နာရီကျော်က စတင်တိုက်ခိုက်ခဲ့တာမှာ နေ့လည် ၁း၃၀ မှာတော့ ရဲစခန်းကျသွားပြီလို့သိရပြီး စခန်းမှူးဖမ်းဆီးခံရကာ စခန်းအပြင်ဖက် ကားလမ်းပေါ်မှာ TNLA သုံးလေးလောင်းတွေ့ရကာ စခန်းအတွင်းမှာတော့ ဘာသံမှ မကြားရတော့ဘူးလို့ ပြောပါတယ်။
ရဲစခန်းနားက မီးသတ်၊ လဝကနဲ့ စည်ပင်ရုံးတွေကိုလည်း TNLA တပ်ဖွဲ့တွေ ဝင်ရောက်ရှင်းလင်းနေရာယူထားကြပြီလို့လည်း ပြောပါတယ်။
မနက်ပိုင်းမှာတော့ မြို့သူမြို့သားတွေ လိုအပ်ချက်တွေဝယ်ဖို့နဲ့ ဆေးဝါး လိုအပ်တာတွေ ထွက်ဝယ်ဖို့အတွက် နေ့လည် ၁၀ နာရီအထိ ခွင့်ပြုထားပြီး ဒေသခံ ပရဟိတအသင်းတွေကိုတော့ အရေးပေါ်ကိစ္စနဲ့ လူနာပို့ဆောင်ခြင်းတွေကို တအာင်းတပ်ဖွဲ့ (TNLA)က ခွင့်ပြုထားတယ်လို့ သိရပါတယ်။
နောင်ချိုမြို့ စစ်ကောင်စီတပ်ရင်း ၁၁၅ နဲ့ TNLA တို့အကြားမနက် ၁ဝး၄၀ အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပါရှိခဲ့ပြီး နေ့လည် ၂ နာရီအထိ ရရှိတဲ့မြေပြင်သတင်းအရ နောင်ချိုမြို့နယ်က စစ်ကောင်စီတပ်ရင်း ၃ ရင်းလုံး မကျသေးဘူးလို့သိရပါတယ်။
မိုးကုတ်က စစ်ကောင်စီရဲ့ ဗျူဟာကုန်းစခန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်မှုကြောင့် အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြးတိမ်းရှောင်နေကြရတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ရှမ်းမြောက်နဲ့ မန္တလေးတိုင်းစပ်ဆက်နေတဲ့ ဒေသတစ်လျှောက် ဇွန် ၂၅ ရက်နေ့က စတင်တဲ့ တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ စစ်စခန်းပေါင်း ၁၅ ခုထက်မနည်း သိမ်းပိုက်ထားပြီလို့ သိရပါတယ်။
MK-012








