မဲခေါင်၊ ဇွန် ၂၅
ရှမ်းမြောက်နဲ့ထိစပ်နေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဒေါ်နန်းကြည်တောင်ပေါ်က စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်ခံနေရကြောင်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဇွန် ၂၅ရက် မနက် ၁၀နာရီလောက်က စပြီး လက်ရှိအချိန်ထိ ဒေါ်နန်းကြည်တောင်ပေါ်က စစ်ကောင်စီ တပ်သားအယောက် ၃၀ ဝန်းကျင်စောင့်တဲ့ စစ်စခန်းတစ်ခုကို TNLA နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“တောင်ပေါ်ထိတက်လာပြီး ဆော်တာ ရိုးရိုးဂန်းနဲ့ပဲ။ နှစ်ထပ်ဓမ္မာရုံမှာစွဲထားတာ စစ်ခွေးက ၃၀ရှိတယ်။ သူတို့ကလည်း လက်နက်ကြီးတွေဆင်ထားတာ။ လောလောဆယ် ရှောင်တဲ့သူတော့သိပ်မရှိသေးဘူး။ အပေါ်မှာက ဘုန်းကြီးကျောင်းတွေပဲရှိတာ။ တောင်အောက်ထိမရောက်ဘူး တောင်တဝက်မှာဖြစ်နေတာ လမ်းတစ်ဝက်တင်ပဲရှောင်နေရတယ်” လို့ မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက မဲခေါင်ကိုပြောပြပါတယ်။
ဒေါ်နန်းကြည်တောင်ပေါ်မှာ ဘုရားတွေနဲ့ သာသနိကအဆောက်အအုံတွေသာရှိပြီး ဘုန်ကြီးနဲ့ ရဟန်းတွေသာအများစု သီတင်းသုံးနေထိုင်နေကြတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ ပစ်ခတ်မှုကြောင့် တိမ်းရှောင်သူ မရှိသေးဘူးလို့လည်း သိရပါတယ်။
မိုးကုတ်မြို့ပစ်ခတ်မှုနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီလို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ ဒီနေ့မနက်မှာ လူမှုကွန်ယက်ပေါ် တင်ထားကြသလို မဲခေါင်သတင်းဌာနအနေနဲ့ TNLA နဲ့ မိုးကုတ်ဗျူဟာအဖွဲ့ကို မေးမြန်းအတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
CJ-001








